BBC navigation

ဖွဲ့စည်းပုံမပြင်ရင် ၂၀၁၅ ရွေးကောက်ပွဲ တရားမမျှတနိုင်

နောက်ဆုံး ရေးသားချိန် 16 နိုဝင်ဘာလ 2012 - 19:26 GMT
ASSK India

မိတ်ဟောင်း ဆွေဟောင်းတွေနဲ့ ပျော်ပျော်ရွှင်ရွှင်

အိန္ဒိယ နိုင်ငံကို ရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်က ၂၀၀၈ အခြေခံ ဥပဒေကို မပြင်ရင် လာမယ့် ၂၀၁၅ ရွေးကောက်ပွဲ ဟာ တရားမျှတမှု ရှိမှာ မဟုတ်ဘူးလို့ ပြောလိုက်ပါတယ်။

အိန္ဒိယ နိုင်ငံ နယူးဒေလီ မြို့က မြန်မာ ဒုက္ခသည် တွေအများဆုံး နေထိုင်တဲ့ ဗီဂက်စ်ပူရီ ရပ်ကွက်က အောက်စဖို့ဒ် အထက်တန်း ကျောင်းမှာ မြန်မာ လူမျိုး ၁ ထောင်ကျော်နဲ့ တွေ့ဆုံ စဉ်မှာ အခုလို ပြောကြား လိုက်တာ ဖြစ်ပါတယ်။ ဆက်လက်ပြီး အဲဒီအတွက် အားလုံး ဝိုင်းဝန်း ပြုပြင် ကြဖို့ လိုတယ်လို့လည်း ဆိုလိုက်ပါတယ်။

မြန်မာ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး နဲ့ ပြည်ထောင်စု အရေး ကို ဆောင်ရွက်ရာမှာလည်း တိုင်းရင်းသား အားလုံး ညီညီညွတ်ညွတ်နဲ့ လုပ်ဆောင်နိုင်ဖို့ ဒုတိယပင်လုံ ညီလာခံမျိုး လိုအပ်တယ်လို့လည်း ပြောသွား ခဲ့ပါတယ်။

အဲဒီနေ့ အစောပိုင်းကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ သူကျောင်းတက်ခဲ့တဲ့ လေဒီ ရှရီရမ် ကောလိပ် ကျောင်းမှာ သူနဲ့ အတူ ကျောင်းနေခဲ့တဲ့ ကျောင်းသူဟောင်းတွေ၊ လက်ရှိ ကျောင်းတက်နေတဲ့ မျိုးဆက်သစ် ကျောင်းသူတွေနဲ့ လည်း တွေ့ဆုံ စကားပြောခဲ့ပါတယ်။

အဲဒီ တွေ့ဆုံပွဲမှာ လေဒီ ရှရီရမ် ကောလိပ်ကို ပြန်လာ ရတာဟာ အိမ်ပြန်လာရသလို ဖြစ်တဲ့ အကြောင်းနဲ့ ဒီမိုကရေစီဆီ ဦးတည်နေတဲ့ မြန်မာ နိုင်ငံရဲ့ တိုးတက် ပြောင်းလဲမှုတွေမှာ အိန္ဒိယ နိုင်ငံရဲ့ အကူအညီတွေ လိုအပ်တဲ့ အကြောင်း ကိုလည်းပြောကြား သွားခဲ့ပါတယ်။

လေဒီ ရှရီရမ် ကောလိပ်က အပြန်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ နိုဘယ်ဆုရတဲ့ ရံပုံငွေ တွေနဲ့ မြန်မာ နိုင်ငံသားတွေ အတွက် ဖွင့်လှစ်ထားတဲ့ ပရောစပက် ဘားမား အင်္ဂလိပ်စာ နဲ့ ကွန်ပြူတာ သင်တန်းကျောင်း ကိုလည်း သွားခဲ့ပါသေးတယ်။

အဲဒီ ကျောင်းသူ ကျောင်းသား တွေကို ပြည်ပမှာ နေထိုင်နေတဲ့ အချိန်မှာ တဦးကိုတဦး ဖေးမ ကူညီပြီး စည်းလုံးစွာ နေထိုင်ကြဖို့၊ ပြည်ပရောက် နေသူတွေ အမိနိုင်ငံကို ပြန်လာ ချင်တဲ့အချိန်မှာ ပြန်လာ ရင် အေးအေး ချမ်းချမ်း လုံခြုံစွာ နေထိုင် နိုင်ဖို့ အတွက် သူကြိုးစား သွားမယ့် အကြောင်းလည်း ပြောကြား သွားခဲ့ပါတယ်။

ညနေပိုင်းမှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ အိန္ဒိယ ရဲ့ နည်းပညာ မြို့တော်လို့ နာ မည်ကြီးတဲ့ ဘန်ဂလောမြို့က နည်းပညာ တက္ကသိုလ်နဲ့ အိန္ဒိယ နည်းပညာ ကုမ္ပဏီ ကြီးဖြစ်တဲ့ အင်ဖိုစ္စကို သွားလေ့လာခဲ့ပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။