BBC navigation

ရခိုင်အရေးသမ္မတနဲ့ ဘာသာရေး ခေါင်းဆောင်တွေ ဆွေးနွေး

နောက်ဆုံး ရေးသားချိန် 16 နိုဝင်ဘာလ 2012 - 17:34 GMT
_u_thein_sein

မြန်မာ သမ္မတ ဦးသိန်းစိန်

မြန်မာ သမ္မတ ဦးသိန်းစိန် ဟာ နိုဝင်ဘာလ ၁၆ ရက် နေ့လည် ပိုင်းက နေပြည်တော် မှာ နိုင်ငံတော် ဗဟို သံဃ ဝန်ဆောင် ဆရာတော် ကြီးတွေ၊ အစ္စလာမ် ဘာသာ အကြီးအကဲတွေနဲ့ တွေ့ဆုံ ပြီး ရခိုင်ပြည်နယ် တည်ငြိမ်ဖွံ့ဖြိုးရေး တွေအတွက် ဆွေးနွေးခဲ့ပါတယ်။

အဲဒီလို တွေ့ဆုံ ခဲ့ရာမှာ သမ္မတ ဦးသိန်းစိန်က ရခိုင်ပြည်နယ် ဖြစ်စဉ် တွေနဲ့ ပတ်သက်လို့ ရှင်းလင်း ပြောကြား ခဲ့ရာမှာ ရခိုင်ပြည်နယ် အတွင်း ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ် တွေကနေ သင်ခန်းစာယူပြီး နောင်မှာ အဲဒီလို ထပ်မဖြစ်စေဖို့ အကြံဉာဏ်ကောင်းများ ရယူဖို့ အတွက် ဖိတ်ကြား ရခြင်း ဖြစ်ကြောင်း ပြောပါတယ်။

သမ္မတ ဦးသိန်းစိန်က ရခိုင်ပြည်နယ် အတွင်းမှာ ပြဿနာ ပိုမို ကြီးမားလာအောင် လူမျိုးစွဲ၊ ဘာသာစွဲ ပြင်းထန် ကြသူတွေက နောက်ကွယ်ကနေ မမှန်ကန်တဲ့ နည်းလမ်း တွေနဲ့ မြှောက်ပင့် သွေးထိုး လှုံ့ဆော် ခဲ့တာတွေ၊ ပြည်ပ အဖွဲ့အစည်း တချို့နဲ့ နိုင်ငံ တချို့က မမှန်မကန် လုပ်ကြံသတင်းတွေ ထုတ်လွှင့်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ် အတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှု တွေအတွင်းမှာ သေဆုံးသူ ၁၆၇ ဦးရှိပြီး ၂၂၃ ဦး ဒဏ်ရာ ရရှိခဲ့ကြကြောင်းနဲ့ အိုးအိမ် အဆောက်အဦ ပေါင်း ၁ သောင်း ကျော် မီးရှို့ ဖျက်ဆီး ခံခဲ့ရတယ်လို့ ဆိုပါတယ်။

အိမ်ထောင်စုပေါင်း ၁ သောင်း ၆ ထောင်ကျော် က လူဦးရေ ၁ သိန်း ၁ သောင်း ၁ ထောင် အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ရတယ်လို့ လည်းပြောပါတယ်။

ဆက်လက်ပြီး ရခိုင်ပြည်နယ် အတွင်း နေထိုင်ကြသူ ၃၂ သိန်းမှာလည်း စိတ်ချလုံခြုံမှု မရှိဘဲ အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေ အကုန် ရပ်ဆိုင်း ထားရတဲ့ အခြေအနေ တွေနဲ့လည်း ကြုံတွေ့ နေရတယ်လို့ဆိုပါတယ်။

အခု ပဋိပက္ခ ဖြစ်စဉ် တွေမှာအရင်းခံ အကြောင်းတရား တွေကတော့ လမ်းပန်း ဆက်သွယ်မှု ခက်ခဲလို့ အထီးကျန် သီးခြား တည်ရှိ နေခြင်း၊ ဆင်းရဲ နွမ်းပါးမှု မြင့်မားလို့ ပညာရေး နိမ့်ကျခြင်း၊ စီးပွားရေးနဲ့ အလုပ်အကိုင် အခွင့်အလမ်း နည်းပါးခြင်း တွေက အဓိက ရေသောက်မြစ် တွေဖြစ်တယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်ဟာ မြန်မာ နိုင်ငံရဲ့ အနောက်ဘက် တံခါးဝ ဖြစ်ကြောင်း၊ နိုင်ငံတကာနဲ့ ဆက်သွယ် သွားလာနိုင်လို့ မြန်မာ နိုင်ငံသာ မကဘဲ တရုတ်နဲ့ အိန္ဒိယ တို့က ကုန်းတွင်းပိတ် ပြည်နယ် တွေကပါ ဆိပ်ကမ်း ထွက်ပေါက် အဖြစ် အသုံးပြုဖို့ စိတ်ဝင် စားကြတဲ့ အကြောင်း၊ အဲဒီအတွက် မိမိတို့က ကူးသန်း ရောင်းဝယ်မှု ဗဟိုချက် ဖြစ်လာအောင် ဆောင်ရွက် ရမှာ ဖြစ်ကြောင်း တွေကို ပြောကြား ခဲ့ပါတယ်။

ဒါကြောင့် ရခိုင်ပြည်နယ် အတွင်း အပြန်အလှန် နားလည်ကြပြီး ပဋိပက္ခ အသွင် မဆောင်ရေး နဲ့ သဟဇာတ ဖြစ်တဲ့ လူမှု အသိုက်အဝန်း ဖြစ်ထွန်းရေး၊ ရခိုင်ပြည်နယ်သူ ပြည်နယ်သား တွေရဲ့ လူမှု စီးပွား ဘဝ ဖွံ့ဖြိုး တိုးတက်ဖို့ အစိုးရနဲ့ အတူ ပြည်သူ တရပ်လုံးကပါ ဝိုင်းဝန်း ဆောင်ရွက် အကြံဉာဏ် ကောင်းတွေ ပေးကြဖို့ကို ပန်ကြားတဲ့ အကြောင်း ပြောကြား သွားခဲ့ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။