BBC navigation

Air Force One (သို့) အမေရိကန်သမ္မတ စီးတော်ယာဉ်

နောက်ဆုံး ရေးသားချိန် 19 နိုဝင်ဘာလ 2012 - 00:58 GMT

Air Force One လို့ ပြောလိုက်တာနဲ့ အမေရိကန်က ဆိုတာ တန်းသိနိုင်ပါတယ်

Air Force One အမေရိကန် လေတပ်ရဲ့ နံပါတ် ၁ လေယဉ် ဖြစ်တဲ့ အတိုင်း အမေရိကန်ရဲ့ အဆင့်မြင့်ဆုံး ခေါင်းဆောင် သမ္မတ စီးတဲ့ စီးတော်ယာဉ်ကြီးပါ။

ဒီလေယာဉ်ကြီး အကြောင်း ကြားတိုင်း လူတိုင်းက အံသြ တသ ဖြစ်ရ သလို ဒီလေယာဉ်မျိုးကို တခြား ကမ္ဘာ့ ခေါင်းဆောင်တွေ၊ ချမ်းသားကြတဲ့ သူတွေ ပိုင်ဆိုင် ချင်ကြပါတယ်။

Air Force Once လေယာဉ် အမျိုးအစားက ဘိုးရင်း 747 ဂျက် လေယာဉ် ဖြစ်ပါတယ်။ မိုးပြာရောင်နဲ့ အဖြူရောင် စပ်ကြား လေယာဉ်ကြီးရဲ့ အပြင်ဘက် မှာတော့ United States of America အမေရိကန် ပြည်ထောင်စုလို့ ကဗျည်း ထိုးထားပါတယ်။

အမေရိကန်ကို ကိုယ်စားပြုတဲ့ သဘောလို့ ဆိုနိုင်မလား။ Air Force One လို့ ပြောလိုက်တာနဲ့ အမေရိကန်က ဆိုတာ တန်းသိနိုင်တဲ့ အထိ သင်္ကေတ အမှတ် တံဆိပ် ဖြစ်နေကြောင်း ဘီဘီစီရဲ့ မြောက်အမေရိက အရေးဆိုင်ရာ အယ်ဒီတာ မာ့ခ် မာဒဲက အခုလို ပြောပါတယ်။

''အမေရိကန် သမ္မတဟာ ကိုယ်ပိုင် လေယာဉ်နဲ့ ခရီးသွားတယ်၊ စတိုင်ရှိရှိ ဂုဏ်သရေ ရှိရှိ သွားတယ် ဆိုတဲ့ အချက်က အမေရိကန်တွေရဲ့ စိတ်ဓာတ် အမေရိကန်ရဲ့ အင်အားကြီးမှု ကိုလည်း ထင်ဟပ်နေပါတယ်။ ဒါမျိုးက တခြား ကမ္ဘာ့ခေါင်းဆောင် အများစု မရရှိတဲ့ အခွင့်အရေးပါ''

Air Force One က ပြောရရင် တော်တော်လည်း အသုံးဝင် ပါတယ်။ အဆင့်မြင့် ဆက်သွယ်ရေး ပစ္စည်း ကိရိယာတွေ အစုံ အလင် ပါတော့ လေယာဉ်ပေါ်မှာ အလုပ် လုပ်နိုင်တယ်။

လတ်တလောကိုပဲ ကြည့်ရင် အခု ရွေးကောက်ပွဲမှာ ဆိုရင်လည်း သမ္မတ အိုဘားမားက ကျယ်ဝန်းလှတဲ့ နိုင်ငံ အရှေ့နဲ့ အနောက် မဲဆွယ်ပွဲတွေ အတွက်ရော၊ အိမ်ဖြူတော်နဲ့ ဆက်သွယ် လုပ်ဆောင် ဖို့ရော၊ မုန်းတိုင်း စန္ဒီ အတွက် ကူညီ ကယ်ဆယ် ဖို့ရော လေယာဉ်ပေါ် ကနေ ကောင်းကောင်း ညွှန်ကြား နိုင်ခဲ့ပါတယ်။

လေယာဉ် အရှေ့ နောက်ပိုင်း ပိုင်းတွေမှာ အထူး လုံခြုံရေးတွေ ရှိနေသလို လေယာဉ် အပေါ်ထပ် ပိုင်းလော့ရဲ့ နောက်ဘက်မှာ ကာကွယ်ရေး ဆိုင်ရာ အရာရှိ ကြီးတွေရဲ့ ထိန်းချုပ်ခန်းလည်း ရှိပါတယ်။

နောက်ပြီး မစ်ဇိုင်း ဒုံးကျည် ပစ်လာရင် လမ်းကြောင်း လွှဲပေးနိုင်တဲ့ မီးကျည်ထုတ် ကိရိယာတွေ၊ အထူး ဆက်သွယ်ရေး နဲ့ အရေးပေါ် ကယ်ဆယ်ရေး ကိရိယာတွေ အများ အပြား တပ်ဆင်ထား ပါတယ်။

လုံခြုံရေး အစီအမံတွေ အပြင် လေယာဉ် အောက်ထပ်မှာ သမ္မတ အိပ်ခန်း၊ ရုံးခန်း၊ ဆေးခန်း၊ အစည်းအဝေးခန်း အစုံ ပါတာမို့ ဝေဟင်ပေါ်မှာ ရှိတဲ့ အမေရိကန် သမ္မတရဲ့အိမ်ဖြူတော် အသေးစားလေးလို့ တောင် ဆိုကြ ပါတယ်။

လေယာဉ် အတွင်းမှာ လှလှပပ တန်ဆာ ဆင်ထား သလို ထိုင်ခုံ နဲ့ အသုံး အဆောင် အားလုံးက အကောင်းစားတွေကြီး ဖြစ်ပါတယ်။

အခုတော့ ဒီထူးခြားတဲ့ Air Force One လေယာဉ်ကြီးဟာ အမေရိကတိုက် ကနေ မိုင်ထောင်ချီ ပျံသန်း လာခဲ့ပြီး ရန်ကုန်မြေကို မကြာခင် နာရီပိုင်း အတွင်း ဆင်းသက် လာတော့မှာ ဖြစ်ပါတယ်။

အဲဒီအခါ အမေရိကန် သမ္မတ တစ်ဦးရဲ့ အဆောင် အယောင်နဲ့ ဂုဏ်အရှိန် အဝါတွေကို ဒီလေယာဉ်ကြီးနဲ့ အတူ မြင်တွေ့နိုင်ကြတော့မှာလည်း ဖြစ်ပါတယ်ခင်ဗျား။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။