BBC navigation

ရခိုင် ကိစ္စ လုံခြုံရေးတွေ ပါသလား

နောက်ဆုံး ရေးသားချိန် 18 နိုဝင်ဘာလ 2012 - 16:57 GMT

ရိုဟင်ဂျာရွာတွေ အတိုက်ခိုက်ခံခဲ့ရတယ် ဆိုတာ ဂြိုဟ်တု သတင်းဓါတ်ပုံတွေက ဖေါ်ပြနေတယ်လို့ HRW ပြော

ရခိုင်ပြည်နယ်က ရိုဟင်ဂျာ ကျေးရွာတွေ တိုက်ခိုက် ခံရတဲ့ ဂြိုဟ်တုသတင်း ဓါတ်ပုံ တွေ တွေ့ရတယ်လို့ တနင်္ဂနွေနေ့ က Human Rights Watch လူ့အခွင့်အရေး စောင့်ကြည့် အဖွဲ့က ကြေညာချက် ထုတ်ပါတယ်။

မြေပုံ၊ ပေါက်တောနဲ့ မြောက်ဦး မြို့တွေ နားက ရွာတွေရဲ့ ပုံတွေဖြစ်ပြီး အောက်တိုဘာလ ၂၃ရက်နဲ့ ၂၄ရက်နေ့က ဖြစ်တဲ့ ပုံတွေလို့ ဆိုပါတယ်။

မြန်မာအစိုးရက ရခိုင်ဒေသ ပဋိပက္ခတွေ ချုပ်ငြိမ်းသွားအောင် ဖြေရှင်း ဆောင်ရွက်မှုမျိုး မရှိဘူးလို့ အဲဒီ ကြေညာချက်က ဝေဖန် ပါတယ်။

အမေရိကန် အစိုးရထံက နောက်ထပ် စီးပွားရေး ပိတ်ဆို့တာ မခံချင်ရင် ရခိုင်မှာ တိုက်ခိုက်မှုတွေ ရပ်ဆိုင်း သွားအောင် မြန်မာအစိုးရ ဖြေရှင်းဖို့ သမ္မတ အိုဘားမား ခရီးစဉ်မှာ ပြတ်ပြတ်သားသား ဖိအားပေး သင့်ကြောင်းလည်း အဲဒီ ကြေညာချက်မှာ ပါပါတယ်။

မကြာခင် ရက်ပိုင်းက မြန်မာအစိုးရက ရခိုင်အရေး ကုလသမဂ္ဂကို စာရေး ရှင်းပြတာ၊ ဘာသာရေး ခေါင်းဆောင်တွေနဲ့ ဆွေးနွေးတာတွေ ရှိပေမယ့် အမေရိကန် သမ္မတ ခရီးစဉ် မတိုင်ခင်လေးမှ ကပ်လုပ်တာ တွေ့ရကြောင်း၊ အိုဘားမား ပြန်သွားရင် ဒီကိစ္စ ရှေ့ဆက် လုပ်မလား ဆိုတာ အရင် အတွေ့အကြုံတွေ အရ မေးစရာ ရှိကြောင်း HRW အဖွဲ့ အာရှဒေသ ဒုတိယ ညွှန်ကြားရေးမှူး Phil Robertson က ဘီဘီစီနဲ့ မေးမြန်းခန်းမှာ ပြောသွားပါတယ်။

ရခိုင်ဒေသ ပဋိပက္ခတွေကို မြန်မာအစိုးရ နိုင်နိုင်နင်းနင်း မတားဆီးနိုင်ခဲ့သလို ပဋိပက္ခတွေမှာ ဒေသခံ အစိုးရ တာဝန်ရှိ ပုဂ္ဂိုလ်တွေနဲ့ လုံခြုံရေး အဖွဲ့ဝင်တွေ ပါဝင်နေတယ်ဆိုတာ ဒေသခံ တွေကို မေးမြန်း စုံစမ်းမှုတွေ အရ သိရတယ် လို့လည်း ပြောပါတယ်။

သမ္မတ ဦးသိန်းစိန်နဲ့ သမ္မတ အိုဘားမား ဆွေးနွေးတဲ့အခါ ဒီပြဿနာ ဘယ်လိုပြေလည်အောင် လုပ်မလဲ၊ အဓိက ပြဿနာ အရင်းခံက ဘာလဲ ဆိုတာ အသေအချာ ဆွေးနွေး နိုင်ဖို့နဲ့ ရိုဟင်ဂျာတွေ အပေါ် ခွဲခြားဆက်ဆံမှုတွေ မလုပ်နိုင်အောင် ရည်ရွယ် ထုတ်ပြန်တာလို့ Phil Robertson က ဘီဘီစီကို ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။