BBC navigation

သမ္မတ အိုဘားမားရဲ့ တနေ့တာ မြန်မာ ခရီး

နောက်ဆုံး ရေးသားချိန် 19 နိုဝင်ဘာလ 2012 - 17:30 GMT
US President Obama arrives Burma

သမ္မတ အိုဘားမား ရန်ကုန် လေဆိပ်ကို ရောက်ရှိ လာစဉ်

အမေရိကန် သမ္မတ တစ်ယောက်ရဲ့ သမိုင်းဝင် ပထမဆုံး မြန်မာ နိုင်ငံ ခရီးစဉ် အဖြစ် သမ္မတ အိုဘားမား မြန်မာ နိုင်ငံကို ရောက်ရှိ လာခဲ့ ပါတယ်။

ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်ကို သမ္မတ အိုဘားမားရဲ့ Air Force One လေယာဉ်ကြီး ဆိုက်ရောက် လာခဲ့ချိန်ဟာ မြန်မာ နိုင်ငံ အတွက် မမေ့နိုင်တဲ့ မြင်ကွင်း တစ်ခုပါ။

သမ္မတ အိုဘားမား လိုက်ပါ လာတဲ့ ကားတန်းကြီး ရန်ကုန်မြို့ လမ်းမကြီးတွေပေါ်မှာ ကို လှည့်လည် သွားလာစဉ်မှာ လူတွေ အမြောက် အမြားက ဝမ်းပန်း တသာ ကြိုဆို နှုတ်ဆက် ခဲ့ကြ ပါတယ်။

တနင်္လာနေ့ မနက်က ရန်ကုန်မြို့ကို အလုပ်သဘော ခရီးစဉ် အဖြစ် ရောက်လာခဲ့တဲ့ အချိန်တို ခရီးစဉ် အတွင်းမှာ သမ္မတ ဘားရက် အိုဘားမားက သမ္မတ ဦးသိန်းစိန် နဲ့ ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် အဆောက်အဦမှာ တစ်နာရီကြာ တွေ့ဆုံခဲ့ ပါတယ်။

အဲဒီနောက် သမ္မတ အိုဘားမားက အတိုက်အခံ ပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ကို သူ့နေအိမ်မှာ သွားရောက် တွေ့ဆုံ ဆွေးနွေးခဲ့ ပါတယ်။

တစ်နာရီကြာ သီးသန့် ဆွေးနွေးပြီးတဲ့ နောက် သမ္မတ အိုဘားမားနဲ့ ဒေါ်အောင်ဆန်း စုကြည်တို့က သတင်းထောက် တွေကို ထွက်ပြီး စကား ပြောခဲ့ ရာမှာ သမ္မတ အိုဘားမားနဲ့ အကြောင်း အရာ အတော် များများကို ပွင့်ပွင့် လင်းလင်း ဆွေးနွေးခဲ့တဲ့ အကြောင်းနဲ့ အမေရိကန် ပြည်ထောင်စုကို မှန်ကန်တဲ့ လမ်းကြောင်းနဲ့ ဆက်လက် ဆက်ဆံ သွားမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ ပါတယ်။

သမ္မတ အိုဘားမားကလည်း ဒေါ်အောင်ဆန်း စုကြည်ကို ချီးကျူး စကား ဆိုခဲ့ပြီး မြန်မာနဲ့ အမေရိကန် နှစ်နိုင်ငံ ဆက်ဆံရေးကို တိုးမြှင့်လိုက်တာ ဖြစ်ကြောင်း ပြောပါတယ်။

အဲဒီနောက် အစဉ်အလာ ကြီးမားတဲ့ ရန်ကုန် တက္ကသိုလ် ဘွဲ့နှင်း သဘင် ခန်းမကို သမ္မတ အိုဘားမား သွားရောက်ပြီး မိန့်ခွန်း ပြောခဲ့ပါတယ်။

သူ့မိန့်ခွန်းထဲမှာ လွတ်လပ်စွာ ပြောဆို ရေးသား ဆန္ဒ ထုတ်ဖော်ခွင့်၊ လိုအပ် ချို့တဲ့မှုတွေ ကင်းဝေးခွင့်၊ လွတ်လပ်စွာ ကိုးကွယ်ခွင့်နဲ့ ကြောက်ရွံ့ခြင်းက ကင်းဝေးခွင့် တို့ဟာ ဆက်စပ် နေတယ်လို့ ပြောပါတယ်။

မြန်မာ နိုင်ငံမှာ ဒီမိုကရေစီ စံနှုန်း တွေနဲ့ ကိုက်ညီတဲ့ ပြုပြင် ပြောင်းလဲမှုတွေ ကို ဆက်လက် ပိုမို လုပ်ဆောင်ဖို့ တိုက်တွန်း လိုက်ပြီး အမေရိကန်က ကူညီ သွားမယ်လို့လည်း မစ္စတာ အိုဘားမားက ပြောပါတယ်။

ဘွဲ့နှင်း သဘင် ခန်းမမှာ မိန့်ခွန်း ပြောပြီးတဲ့ နောက်မှာတော့ သမ္မတ အိုဘားမား မြန်မာ နိုင်ငံကနေ ပြန်လည် ထွက်ခွာ သွားခဲ့ ပါတယ်။

မြန်မာ နိုင်ငံမှာ အခုချိန်ထိ တွေ့မြင်ရတဲ့ အပြောင်း အလဲ တွေကို သမ္မတ အိုဘားမားက ချီးကျူး ပြောဆိုပြီး ရှေ့ဆက်လုပ်မယ့် ပြုပြင် ပြောင်းလဲမှုတွေ အတွက် အမေရိကန်က ဆက်လက် ထောက်ခံ ကူညီ သွားမယ် လို့လည်း သူက ကတိ ပြုခဲ့ ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။