BBC navigation

အမေရိကန်သံအမတ်နဲ့ ဘီဘီစီ တွေ့ဆုံမေးမြန်းခန်း

နောက်ဆုံး ရေးသားချိန် 20 နိုဝင်ဘာလ 2012 - 16:14 GMT
mitchell_bbc

ဘီဘီစီရဲ့ အမေးတွေကို ဖြေကြားနေတဲ့ အမေရိကန် သံအမတ်ကြီး Derek Mitchell

မြန်မာ နိုင်ငံကို ပထမဆုံး လာရောက် ခဲ့တဲ့ အမေရိကန် သမ္မတ တစ်ယောက်ရဲ့ ခရီးစဉ် အတွင်း သမ္မတ အိုဘားမားက သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံခဲ့ရာမှာ အဓိက ဘာတွေ ဆွေးနွေးခဲ့ကြ သလဲ၊ ဒါတွေက ဘယ်ကို ဦးတည် နေသလဲ ဆိုတာ သိရအောင် မြန်မာ နိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ်ကြီး Derek Mitchell ကို ရန်ကုန် မြို့ ရောက် ဘီဘီစီ မြန်မာ ဌာနရဲ့ အကြီးတန်း အယ်ဒီတာ ဦးမင်းထက်က တွေ့ဆုံ မေးမြန်း ထားပါတယ်။

မေး - သမ္မတ အိုဘားမား မြန်မာနိုင်ငံကို ပထမဆုံးသော အမေရိကန် သမ္မတ အနေနဲ့ လာရောက် ခဲ့တာကို တချို့က သိပ်ကို စောလွန်းတယ်လို့ ပြောနေကြ ပါတယ်။ အခုလို လာရောက် ခဲ့တာကို ဘယ်လို စဉ်းစားပြီး လုပ်ခဲ့တာ ပါလဲ။ သိပ်များစောနေပါသလား။

ဖြေ - ကျနော်တို့ကတော့ အချိန် စောတယ်လို့ မယူဆပါဘူး။ သမ္မတ အိုဘားမားရဲ့ ခရီးစဉ်ဟာ မြန်မာနိုင်ငံ ဦးတည်နေတဲ့ လမ်းကြောင်းနဲ့ ဖြစ်ပေါ်နေတဲ့ ပြုပြင် ပြောင်းလဲမှုတွေ အပေါ် အားပေးတယ်ဆိုတာကို ထင်ထင်ရှားရှား ပြသနိုင်ခဲ့ တယ်လို့ ယူဆပါတယ်။ ဒါပေမယ့် အခုချိန်ဟာ အောင်ပွဲခံရမယ့် အချိန် မရောက် သေးဘူး။ အခက်အခဲ အတားအဆီးတွေကို ရင်ဆိုင်ကျော်လွှားနိုင်ဖို့ နောက်ထပ် လုပ်စရာတွေ ရှိနေသေးတယ် ဆိုတာကို သမ္မတ အိုဘားမားကိုယ်တိုင် မြန်မာ လူထုကို အတိအလင်း ပြောသွား ခဲ့ပါတယ်။ ဒီတော့ ဒီခရီးစဉ်ဟာ ဘက်မျှတဲ့ ခရီးစဉ် ဖြစ်တယ်ဆိုတာကို ပြနိုင်ခဲ့ပါတယ်။ ပြုပြင်ပြောင်းလဲရေး လုပ်သူတွေ အင်အားကောင်းလာအောင် ဆောင်ရွက်ပေးဖို့ အမေရိကန် အစိုးရရဲ့ ဆုံးဖြတ်ချက် သံဓိဌာန်အတိုင်း ရည်ရွယ် လုပ်ခဲ့တာပါ။ မြန်မာနိုင်ငံဟာ လမ်းကြောင်းမှန်ပေါ် သွားနေသမျှတော့ အမေရိကန် အစိုးရအနေနဲ့ မြန်မာအစိုးရနဲ့ ပူးတွဲ ဆောင်ရွက် သွားမှာပါ။

မေး - ပိတ်ဆို့မှုတွေ တဖြည်းဖြည်း လျှော့ချပေး လာတာ တွေ့ရပါတယ်။ တချို့က ဒီပိတ်ဆို့မှုတွေ အကုန်လုံးသာ မရှိတော့ရင် အမေရိကန်ရဲ့ ဩဇာ မရှိတော့မှာကို စိုးရိမ်တာတွေလည်း ရှိပါတယ်။ မြန်မာ နိုင်ငံက ပြုပြင် ပြောင်းလဲရေး တွေကို ဆက်ပြီး မသွားတော့ဘူး ဆိုရင် ဒီပိတ်ဆို့မှုတွေကို ပြန်ပြီး ချဖို့ရော အစီအစဉ် ရှိပါသလား။

ဖြေ - ဒဏ်ခတ်ပိတ်ဆို့မှုတွေကို အမေရိကန်သမ္မတရဲ့ အမိန့်နဲ့ လျှော့ပေါ့ ပေးတာမျိုးတွေ လုပ်ခဲ့ပေမယ့် အမေရိကန် အခြေခံဥပဒေအရတော့ ဒီဒဏ်ခတ်ပိတ်ဆို့မှုတွေက ဆက်ရှိနေဆဲပါ။ တကယ်လို့ အကြီးအကျယ် ပြောင်းလဲမှုတွေ ရှိလာမယ် ဆိုရင် ပေါ်လစီတွေကို ပြန်သုံးသပ်ဖို့ ရှိပါတယ်။ မြန်မာနိုင်ငံ လျှောက်လှမ်းနေတဲ့ ခရီးစဉ်မှာ အခက်အခဲတွေ ရှိနေတယ် ဆိုတာကို နားလည်ထားပါတယ်။ စိတ်ရှည်ရှည်နဲ့ ကျနော်တို့ စောင့်ကြည့်နေမှာပါ။ တိုင်းရင်းသား လူမျိုးပေါင်းစုံ၊ ဘက်ပေါင်းစုံရဲ့ အသံတွေကို အထိရောက်နိုင်ဆုံး နားစွင့်သွားမှာပါ။


မေး - သမ္မတ ဦးသိန်းစိန်နဲ့ သမ္မတ အိုဘားမားတို့ တွေ့ဆုံ ခဲ့စဉ်မှာ ဒီပြုပြင် ပြောင်းလဲရေး လမ်းစဉ်နဲ့ ပတ်သက်လို့ တော်တော် ပြောဖြစ်ခဲ့ကြတယ်လို့ သိရပါတယ်။ သမ္မတ ဦးသိန်းစိန် ဆီကရော တိကျတဲ့ အာမခံ ချက်မျိုးတွေ ရခဲ့ ပါသလား။

ဖြေ - သမ္မတ ဦးသိန်းစိန် အပါအဝင် မြန်မာ အစိုးရ ဆီက တင်ပြ ပြောဆိုချက် တွေကို ကျနော်တို့ အမြဲ ကြားရပါတယ်။ သမ္မတ ဦးသိန်းစိန်က သမ္မတ အိုဘားမားနဲ့ တွေ့တုန်းက မြန်မာနိုင်ငံဟာ နောက်ကြောင်း ပြန်မလှည့်နိုင်တဲ့ ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းပေါ် ရောက်နေပြီ ဆိုတဲ့အကြောင်းနဲ့ သမ္မတ အိုဘားမားရဲ့ ရှေ့သို့ ချီတက်ကြစို့ ဆိုတဲ့ မဲဆွယ် စည်းရုံးရေး ဆောင်ပုဒ်အတိုင်း ရှေ့တိုး ဆောင်ရွက်နေပါတယ်လို့ ပြောသွားတော့ သမ္မတ အိုဘားမား အတော်လေး ဘဝင်ခိုက်သွားခဲ့ရပါတယ်။ သမ္မတ ဦးသိန်းစိန်ရဲ့ လုပ်ရပ်တွေကို ကျနော်တို့ မပြတ်စောင့်ကြည့် အကဲခတ်နေရာမှာ ဒီမိုကရေစီလမ်းကြောင်းပေါ်ကို အကုန်လုံး မဟုတ်တောင် တဆင့်ချင်း လျှောက်လှမ်းနေတာကို တွေ့ရပါတယ်။ ဒီအတိုင်း ဆက်လုပ်သွားလိမ့်မယ်လို့လည်း ကျနော်တို့ မျှော်လင့်နေပါတယ်။


မေး - အရင်က စစ်အစိုးရကို သဘောမတွေ့တဲ့ အကြောင်းကို ပြောတဲ့ အနေနဲ့ Burma လို့သုံးခဲ့တယ်လို့ သိရပါတယ်။ အခု မြန်မာ နိုင်ငံနဲ့ ဆက်ဆံမှုတွေ တိုးပြီး လုပ်လာတဲ့ အခါမှာ အမေရိကန်ရဲ့ မူဝါဒ အနေနဲ့ Burma လို့ ဆက်ခေါ်နေတာ ဘယ်လို သဘောရှိပါသလဲ။

ဖြေ - တကယ်တမ်းမှာ အမေရိကန် အစိုးရရဲ့ အခြေခံ ပေါ်လစီက နဂိုအတိုင်း ဆက်ရှိနေမှာပါ။ နိုင်ငံ တိုင်းပြည် တခုရဲ့ အမည်ကို ဘယ်လို ခေါ်ဝေါ် သုံးစွဲရမယ် ဆိုတာ ပြည်သူ လူထု ကသာ ဒီမိုကရေစီနည်းအရ ဆုံးဖြတ်ကြမှာပါ။ Myanmar လို့ ပြောင်းလဲ သတ်မှတ်တုန်းက ဒီမိုကရေစီနည်းအရ ပြောင်းလဲ သတ်မှတ်ခဲ့တာမျိုး မတွေ့ရတာမို့ အမေရိကန်နိုင်ငံရဲ့ ပေါ်လစီဟောင်းအရ Burma လို့ ခေါ်ဝေါ် သုံးစွဲခဲ့တာပါ။မနေ့တုန်းက သမ္မတ အိုဘားမားက Myanmar ခေါ်ဝေါ် သုံးစွဲခဲ့တာဟာ သံတမန်ရေးအရ လေးစားသမှု ပြုတဲ့အနေနဲ့ ခေါ်ဝေါ် သုံးစွဲခဲ့တာ ဖြစ်ပါတယ်။ သမ္မတ ဦးသိန်းစိန်နဲ့ သီးသန့် တွေ့ခဲ့တုန်းကလည်း Myanmar လို့ သုံးခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့တုန်းကတော့ Burma လို့ သုံးခဲ့ပါတယ်။ ဒီ Burma, Myanmar ကိစ္စဟာ ခုချိန်ထိ အခြေအတင် အငြင်းပွားစရာ ဖြစ်နေဆဲပါ။ ဒီကိစ္စကို ပွင့်လင်း မြင်သာတဲ့ ဒီမိုကရေစီနည်းနဲ့ အခြေအတင် ဆွေးနွေး ဆုံးဖြတ်ရမှာပါ။ ဒီတော့ မြန်မာ ပြည်သူ လူထုတွေရဲ့ သဘောဆန္ဒအတိုင်း ကျနော်တို့ လိုက်နာသုံးစွဲသွားမှာပါ။


မေး - မြန်မာနိုင်ငံရဲ့ အပြောင်းအလဲကို ပြောရင် စစ်တပ်က မပါလို့ မရဘူးလို့ ပြောကြပါတယ်။ စစ်တပ်ကို တိုက်ရိုက် ထိတွေ့ ဆက်ဆံမှုတွေ လုပ်ရမယ်လို့ ပြောတာလည်း ရှိပါတယ်။ အမေရိကန်ဘက်က စစ်တပ် အချင်းချင်းပဲ ဖြစ်ဖြစ်၊ အမေရိကန် အစိုးရ အနေနဲ့ပဲ ဖြစ်ဖြစ် မြန်မာ စစ်တပ်ကို တိုက်ရိုက် ထိတွေ့ ဆက်ဆံဖို့ ရှိပါသလား။

ဖြေ - ဟုတ်ကဲ့ ။ ထိတွေ့ ဆက်ဆံတယ် ဆိုရာမှာ အစိုးရ တွင်းမှာပါတဲ့ အုပ်စု အဖွဲ့တွေအားလုံးနဲ့ရော၊ လူမှု အဖွဲ့အစည်းထဲက အုပ်စု အဖွဲ့တွေ အားလုံးနဲ့ပါ ထိတွေ့ ဆက်ဆံမှသာ ပြုပြင် ပြောင်းလဲရေး တွေကို နှစ်နိုင်ငံ ပူးတွဲ ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ စစ်တပ်ဟာ အရေးပါတဲ့ အုပ်စု ဖြစ်တယ် ဆိုတာ အထင်အရှားပါ။ မြန်မာနိုင်ငံကို ကာလ အတော်ကြာ အုပ်ချုပ်ခဲ့တဲ့ စစ်တပ် အနေနဲ့ အခု ဖွဲ့စည်းအုပ်ချုပ်ပုံ စနစ်ထဲမှာလည်း လုပ်ပိုင်ခွင့် အထူးအာဏာတွေ ရထားတာ တွေ့ရပါတယ်။ အမေရိကန် အစိုးရအနေနဲ့ မြန်မာစစ်တပ်နဲ့ တဆင့်ချင်း ထိတွေ့ ဆက်ဆံနေပါတယ်။ လူ့အခွင့်အရေး ကိစ္စရပ်တွေနဲ့ ပတ်သက်လို့ စစ်တပ်နဲ့ အပြုသဘော ပွင့်ပွင့်လင်းလင်း ဆွေးနွေး ပြောဆိုမှုတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် ကျနော်တို့ အမေရိကန် စစ်တပ်ဟာ အရပ်သား အုပ်ချုပ်မှုအောက်မှာ ဒီမိုကရေစီနည်းအရ လှုပ်ရှား လည်ပတ်နေတာ ဖြစ်ပါတယ်။ဒီတော့ တဖြည်းဖြည်းနဲ့ မြန်မာ စစ်တပ်ရဲ့ သဘော သဘာဝကို ပိုနားလည် လာအောင် ဆက်ဆံရေးတွေ ဖန်တီးပြီး အချိန် ကြာလာတာနဲ့အမျှ စစ်တပ် အချင်းချင်း ထိတွေ့ ဆက်ဆံမှုတွေ လုပ်လာ နိုင်မယ်လို့ ယူဆပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။