BBC navigation

အခြေခံဥပဒေ ဒီမိုကရေစီ ပိုကျဖို့ ဘာလုပ်ရမလဲ။

နောက်ဆုံး ရေးသားချိန် 21 နိုဝင်ဘာလ 2012 - 17:44 GMT
obama

ဖွဲ့စည်းပုံ ဒီမိုကရေစီ ဆန်ဖို့ လိုတယ်လို့ သမ္မတ အိုဘားမားပြောခဲ့

သမ္မတ အိုဘားမား မြန်မာ နိုင်ငံကို လာရောက် တုန်းက မြန်မာ နိုင်ငံမှာ အမျိုးသား ပြန်လည် သင့်မြတ်ရေးကို မလုပ်ဘဲနဲ့ ပြုပြင် ပြောင်းလဲ ရေးတွေ မအောင်မြင် နိုင်ဘူးလို့ ပြောသွား ခဲ့သလို ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပိုင်းတွေ မှာလည်း ဒီမိုကရေစီ နည်းကျ ဖြစ်ဖို့လိုနေတယ် ဆိုပြီး ထောက်ပြ ပြောဆို သွားခဲ့ တာတွေ ရှိပါတယ်။

ဒီတော့ အဲဒီ ဖွဲ့စည်းပုံကို ဒီမိုကရေစီ နည်းကျ ဖြစ်ဖို့က ဘာတွေလုပ်ရဦးမှာ ပါလဲ။

မြန်မာ သမ္မတ ရဲ့ အကြံပေး ဖြစ်တဲ့ ဦးကိုကိုလှိုင်ကို ဆက်သွယ် မေးကြည့်တော့ ဘယ်အရာမဆို ချက်ချင်း မပြည့်စုံ နိုင်ကြောင်း၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပိုပြီး ဒီမိုကရေစီ ဆန်ဖို့ ကိစ္စက ပြည်သူ လူထုနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ၊ ပါဝင် ပတ်သက်တဲ့ ပုဂ္ဂိုလ်တွေ အားလုံးမှာ တာဝန်ရှိတဲ့ အကြောင်း၊ ပြည်သူက တောင်းဆို လာခဲ့ရင် သမ္မတ ဦးသိန်းစိန်ရဲ့ မိန့်ခွန်းထဲမှာ ပြောထား ခဲ့တဲ့ အတိုင်း ပြည်သူလူထုရဲ့ ဆန္ဒအတိုင်း ပြုပြင် သွားဖို့ ရှိတဲ့ အကြောင်း၊ လုပ်ငန်းစဉ် အတိုင်း ဆက်လုပ်သွားရုံပဲ ဖြစ်ကြောင်း ပြောပါတယ်။

အဲဒီလို ပြင်ဖို့ အတွက် လူထု ဆန္ဒခံယူ ပွဲတွေ ကျင်းပဖို့ ဖြစ်လာနိုင်သလား ဆိုတာကိုတော့ အခြေခံ ဥပဒေ ထဲမှာ ပြင်ဆင်ဖို့ အပိုဒ်တွေ ပါတဲ့အကြောင်းနဲ့ အဲဒီထဲက အတိုင်း လိုက်နာ ဆောင်ရွက်သွားရင် အဆင်ပြေသွားမှာ ဖြစ်တယ်လို့ ဖြေပါတယ်။

အခု အချိန်မှာ ကချင်ပြည်နယ် ဘက်မှာလည်း သေနတ်သံတွေ မငြိမ်သေး၊ ရခိုင်ပြည်နယ် ဘက်မှာလည်း လူမျိုးရေး ပဋိပက္ခတွေ ဖြစ်နေသေးတော့ အခု မြန်မာ နိုင်ငံတွင်း ပြုပြင် ပြောင်းလဲရေးတွေ လုပ်နေကြတာ အောင်မြင်ဖို့က လူမျိုးတိုင်း ဂုဏ်သိက္ခာ ရှိစွာနဲ့ ယှဉ်တွဲ နေထိုင် နိုင်ဖို့ လိုနေကြောင်း သမ္မတ အိုဘားမားက ပြောသွား ခဲ့တာကိုရော ဘယ်လို သဘောထား ရှိပါသလဲ ဆိုတော့ နိုင်ငံတော် သမ္မတ ၊ အစိုးရ၊ နိုင်ငံရေး အင်အားစုတွေနဲ့ ပြည်သူလူထု အားလုံးက ဒီရည်မှန်းချက် အတိုင်းပဲ ချီတက် နေကြသလို အခြေခံ ဥပဒေမှာလည်း ခိုင်ခိုင်မာမာ အာမခံ ထားပြီး ဖြစ်ကြောင်း၊ မြန်မာ နိုင်ငံရဲ့ ပြည်သူပြည်သား အားလုံးဟာ လူမျိုး၊ ဘာသာ မရွေး တန်းတူ အခွင့်အရေး ရပြီး ဂုဏ် သိက္ခာ ရှိရမယ်လို့ အခြေခံ ဥပဒေရဲ့ တန်းတူ အခွင့်အရေးထဲမှာ ထည့်ထားပြီး ဖြစ်လို့ အဲဒါကို အပြည့်အဝ အကောင်အထည် ဖော်နိုင်ဖို့ ကြိုးစား နေတယ်လို့ ဆိုပါတယ်။

အဲဒီလို အကောင်အထည် ဖော်သွား နိုင်ဖို့ အတွက်တော့ အချိန် အတိုင်းအတာ တခုထိ စောင့်ရမှာ ဖြစ်တဲ့ အကြောင်း နဲ့ တော်တော် ကြိုးစား ရမှာ ဖြစ်တဲ့ အကြောင်းလည်း ပြောပါတယ်။

ကချင်ပြည်နယ်နဲ့ ရခိုင်ပြည်နယ် တွေမှာ ဖြစ်နေတဲ့ ကိစ္စ တွေကို တော့ အမြန်ဆုံး ပြီးဆုံး စေချင်တဲ့ အကြောင်း ၊ ဒီကိစ္စတွေက တဦးတယောက် ထဲလုပ်လို့ မရ ၊ အများက ပါဝင် ပတ်သက် နေတာအပြင် စီးပွားရေး နဲ့ နိုင်ငံရေး အခြေအနေ တွေအမျိုးမျိုး ပါဝင် ပတ်သက် နေတော့ ဘယ်အချိန် ပြီးရမယ်လို့ မျှော်မှန်းလို့ မရနိုင်ကြောင်း ပြောပါတယ်။ ဒါပေမယ့် ဖြစ်နိုင်သမျှ အမြန်ဆုံး ပြီးဆုံးအောင် ကြိုးစား နေကြောင်းလည်း ဖြေကြား သွားခဲ့ ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။