BBC navigation

လက်ပံတောင်းအရေး ဦးအောင်မင်းလာညှိနှိုင်း

နောက်ဆုံး ရေးသားချိန် 23 နိုဝင်ဘာလ 2012 - 17:27 GMT
labadaung_copper_project

လက်ပံတောင်းတောင်က ဆန္ဒပြ ပြည်သူများ

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းရပ်ဆိုင်း ပေးဖို့ အတွက် တောင်းဆို ဆန္ဒပြနေ ကြသူ တွေဆီကို ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်း နဲ့ ဦးလှမောင်ရွှေ တို့ လာရောက် ညှိနှိုင်း ခဲ့ကြ ပါတယ်။

ဘာတွေ ညှိနှိုင်းခဲ့ သလဲ ဆိုတာကို အဲဒီက ဆန္ဒပြနေသူ ဝက်မှေးရွာသူ မသွဲ့သွဲ့ဝင်းကို ဆက်သွယ်မေးကြည့်တော့ အခုလာရောက် ကြရာမှာ အထက်ကို တင်ပြဖို့ သပိတ်စခန်း ရဲ့ ဆုံးဖြတ်ချက်ကို လာယူ ကြတာ ဖြစ်ကြောင်း၊ အစောပိုင်းက မြန်မာ နိုင်ငံ ထမင်းငတ်စဉ် တုန်းက တရုတ်က ကျွေးထား ခဲ့လို့ တရုတ်ကို ကျေးဇူး ဆပ်ရမယ်လို့ ပြောခဲ့ကြောင်း ပြောပါတယ်။

ဆန္ဒပြသူတွေက မြန်မာ နိုင်ငံက သယံဇာတတွေ၊ ပဲခူးရိုးမ လို သစ်တောကြီးတွေ၊ ရေနံ နဲ့ သဘာဝ ဓာတ်ငွေ့တွေ တရုတ် ကုပ်သွေးစုပ်တာ ခံနေရလို့ တရုတ်ကို ကျေးဇူး မဆပ်နိုင်ကြောင်း ပြန်လည် ပြောကြားခဲ့ရာမှာ ဝန်ကြီး တွေဘက်က သူတို့ ဆုံးဖြတ်လို့ မရတဲ့ ကိစ္စ ဖြစ်လို့ အထက်ကို တင်ပြပေးမှာ ဖြစ်တယ်လို့ ပြောကြောင်း ဆိုပါတယ်။

အခု ပုဒ်မ ၁၄၄ ထုတ်ပြန်ထားတဲ့ နယ်မြေထဲကို ဝင်ရတာကတော့ ဒီစီမံကိန်းကို ရပ်ပါလို့ တစာစာ အော်နေပေမယ့် လုံးဝ မရပ်တဲ့အတွက်ကြောင့် အခုလိုမှ ဝင်မတားရင် ရပ်မှာ မဟုတ်လို့ အခုလို ဝင်တားရတာ ဖြစ်တယ်လို့ ပြောပါတယ်။

အာဏာပိုင် တွေဘက်ကတော့ ခုထက်ထိ ကြမ်းကြမ်းတမ်းတမ်း မဆက်ဆံ သေးကြောင်း၊ ဒါပေမယ့်လည်း လက်နက်အင်အား အပြည့်၊ ရဲအင်အား အပြည့်နဲ့ လုံခြုံရေး တွေချထားတဲ့ အကြောင်းနဲ့ ဘယ်အချိန် ဘာလုပ်မလဲ မပြောတတ် ကြောင်းလဲ ပြောပါတယ်။

ရန်ကုန်နဲ့ မန္တလေး မြို့တွေ အပါအဝင် မြို့နယ် ၁၆ ခုလောက်မှာ ဆန္ဒပြပွဲ တွေလုပ်မှာ ကတော့ အခုလို နစ်နာ ဆုံးရှုံး နေမှု တွေများနေလို့ ထပ်တူ ခံစား ရသူတွေက ဒါဟာ မြန်မာ နိုင်ငံရဲ့ အရေးဆိုပြီး သူတို့ ရင်ထဲက ဆန္ဒအတိုင်း ဘယ်သူမှ မလှုံ့ဆော်ဘဲ ဆန္ဒပြကြတာ ဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။

ဒီလို လက်ပံတောင်းတောင် အရေးတွေ ပိုပြီး ကျယ်ပြန့်လာသလို ဖြစ်လာနေချိန်မှာ ပြည်သူ့ လွှတ်တော် မှာလည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က လက်ပံတောင်းတောင် စီမံကိန်းနဲ့ ပတ်သက်ပြီး အရေးတကြီး အဆို တင်သွင်းခဲ့ရာမှာ လွှတ်တော်က အတည်ပြုပေး ခဲ့ပါတယ်။

အဲဒီ အဆိုအရ ပြည်သူလူထုက ယုံကြည် ကိုးစားတဲ့ ပုဂ္ဂိုလ်၊ အဖွဲ့အစည်းနဲ့ ပြည်တွင်း ပြည်ပက ပညာရှင်တွေ၊ အဖွဲ့အစည်း တွေပါဝင်တဲ့ လွတ်လပ်တဲ့ နိုင်ငံတော် အဆင့် ကော်မရှင် တရပ် ဖွဲ့စည်း ပြီးရင် ဒီစီမံကိန်းနဲ့ ပတ်သက်လို့ စစ်ဆေး တွေ့ရှိချက်တွေကို ပြန်လည် တင်ပြလို့ ဒေသခံတွေရဲ့ နစ်နာချက်တွေကို ကျေနပ်အောင် ညှိနှိုင်းသွား မှာဖြစ်တယ်လို့ သိရပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။