BBC navigation

ဒေါ်အောင်ဆန်းစုကြည် လက်ပံတောင်းလာမယ်

နောက်ဆုံး ရေးသားချိန် 26 နိုဝင်ဘာလ 2012 - 03:27 GMT

ဆားလင်းကြီးမြို့နယ်ရှိ လက်ပံတောင်းတောင်

နိုဝင်္ဘာလ ၂၉ ရက်နေ့မှာ လက်ပံတောင်းကို ဒေါ်အောင်ဆန်းစုကြည် လာမယ်ဆိုတဲ့ သတင်းထွက်ပေါ်လာပြီးနောက် လုံခြုံရေးတွေ တိုးမြှင့်ချထားလာတယ်လို့ လက်ပံတောင်းဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။

မုံရွာ တဖက်ကမ်း ဆားလင်းကြီးမြို့နယ်က လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းဖို့ တောင်းဆို ဆန္ဒပြသူတွေဟာ အခုရက်ပိုင်းအတွင်း တနေ့တခြား တိုးပွားများပြားလာကြောင်း၊ အခုဆိုရင် သံဃာတော် ၆၀၀ ကျော်နဲ့ အရပ်သား ၁၀၀၀ ကျော်ဟာ စီမံကိန်း ကုမ္ပဏီ ရုံးခန်းနဲ့ စီမံကိန်း လုပ်ငန်းခွင် အနီးတဝိုက်မှာ နေရာတွေခွဲပြီး သပိတ်မှောက်၊ သပိတ်တားနေကြတယ်လို့ ထိုင်သပိတ်လုပ်နေသူ ဆရာတော် ဦးနန္ဒာစာရက ဘီဘီစီကို ပြောပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပုလဲမြို့နယ် လွှတ်တော်အမတ် ဒေါ်ခင်စန်းလှိုင်လည်း ဆန္ဒပြသူတွေကို လာရောက် အားပေးတယ်လို့ ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည် လာရင် ဒေသခံ ပြည်သူ ပြည်သားတွေရဲ့ အသံကို နားထောင်၊ ပြည်သူတွေရဲ့ ခံစားချက်တွေကို လေ့လာပြီး လွှတ်တော်မှာ ပြန်လည်တင်ပြပြီး ပြည်သူတွေရဲ့ ဆန္ဒကို ဖြည့်ဆည်းပေး နိုင်မယ်လို့ ယုံကြည်ကြောင်း ဆရာတော် ဦးနန္ဒာစာရက ဘီဘီစီကို ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်မီဒီယာ ကဖေးမှာ နိုဝင်ဘာလ ၂၃ ရက်နေ့က မီဒီယာတွေကို ရှင်းလင်းပြောကြားခဲ့ရာ မှာတော့ တချို့ကိစ္စတွေကို ဆန္ဒပြတဲ့ နည်းနဲ့ ချည်း ဖြေရှင်းလို့ မရနိုင်ကြောင်း၊ စေ့စပ်ညှိနှိုင်း ဖြေရှင်းတဲ့နည်း နဲ့ သွားနိုင် အောင် ကြိုးစားဖို့ လိုကြောင်း ပြောခဲ့ပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။