BBC navigation

ရန်ကုန်မှာ ရှမ်းညီလာခံ ကျင်းပ

နောက်ဆုံး ရေးသားချိန် 26 နိုဝင်ဘာလ 2012 - 17:25 GMT
shan

ပြည်တွင်း ပြည်ပ ရှမ်း လှုပ်ရှားသူတွေ တက်

ရန်ကုန်မြို့ မှာ ရှမ်းပြည်သူ လူထုရဲ့ ဆန္ဒတွေ တသံထဲ ထွက်ဖို့ "ငြိမ်းချမ်းရေး အတွက် ယုံကြည်မှု တည်ဆောက်ခြင်း" ပထမဆုံး ရှမ်းညီလာခံကို တနင်္လာနေ့မှာ စတင် ကျင်းပပါတယ်။

ရှမ်းလက်နက်ကိုင် တပ် ၃ဖွဲ့၊ နိုင်ငံရေးပါတီ တွေနဲ့ ရှမ်းလူမှု အဖွဲ့တွေက လူ ၃ဝဝ ကျော် တက်တဲ့ ညီလာခံ ကို ရန်ကုန် မှာ ပထမဆုံးအကြိမ် ကျင်းပတာ ဖြစ်ပြီး ရှမ်း လက်နက်ကိုင်တွေ စုံစုံညီညီ တက်လို့ ထူးခြား ပါတယ်။

ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဒုတိယ ဥက္ကဋ္ဌ သမ္မတရုံး ဝန်ကြီး ဦးအောင်မင်း၊ ဝန်ကြီး ဦးစိုးသိမ်း နဲ့ လျှပ်စစ်ဝန်ကြီး ဦးခင်မောင်စိုး ပါ တက်ရောက် ပါတယ် ။

ရှမ်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ခွန်ထွန်းဦး၊ ရှမ်း တေးရေးဆရာ စိုင်းခမ်းလိတ်၊ ရှမ်း အမျိုးသမီး လှုပ်ရှားသူ နန်းချန်တောင်း စတဲ့ ထင်ရှားတဲ့ ရှမ်းလူမျိုးတွေလဲ တက်ပါတယ်။

အစည်းအဝေး လာတက်တဲ့ လက်နက်ကိုင်အဖွဲ့ အချို့ က တော့ စောင့်ကြည်ရအုံးမယ် ဆိုတဲ့ သဘော ပြောပါ တယ်။

ရှမ်းပြည် တိုးတက်ရေး ပါတီ နာယက ဒုတိယဗိုလ်ချုပ်ကြီး စဝ်ဆေထင် ကတော့ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဖက်ဒရယ် အခြေခံတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ အစားထိုးဖို့ လိုတယ်လို့ ပြောပြီး တဖွဲ့ချင်းစီ ဆွေးနွေးတာထက် တိုင်းရင်းသား လက်နက်ကိုင် (၁၀)ဖွဲ့၊ အစိုးရ၊ ကျန်အဖွဲ့တွေ အားလုံး ပါ၀င်မှ အဓိပ္ပာယ် ရှိတယ် လို့ အစည်းအဝေးမှာ ပြောပါတယ်။

ရှမ်းပြည်နယ် ပြန်လည် တည်ထောင်ရေး ကောင်စီ ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ညှိနှိုင်း ဆွေးနွေးရေး အဖွဲ့ခေါင်းဆောင် စဝ်ပေါင်ခေး ကတော့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်များ အပေါ် လေးစားလိုက်နာဖို့ လိုကြောင်း၊ မဟုတ်ရင် မလိုလား အပ်တဲ့ နှစ်ဘက် တိုက်ခိုက်မှုတွေ ဖြစ်နိုင် တယ်။ အပစ်အခတ် မရပ်မီက တပ်မတော် ဘက်က အကြိမ် ၄ဝ မက စစ်ကြောင်းချီ တိုက်ခိုက်ခဲ့ပြီး ငြိမ်းချမ်းရေးကို တဘက်ထဲက တည်ဆောက်လို့ မရဘူးလို့ အခမ်းအနားမှာ ပြောကြားပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။