BBC navigation

အလုပ်သမားအရေး ထိုင်းမြန်မာ အရာရှိတွေ ဆွေးနွေး

နောက်ဆုံး ရေးသားချိန် 27 နိုဝင်ဘာလ 2012 - 01:25 GMT

လက်လုပ် လက်စား အလုပ်သမားများ

ထိုင်းနိုင်ငံမှာ ရှိနေတဲ့ မြန်မာ အလုပ်သမားအရေးနဲ့ ပတ်သက်ပြီး မြန်မာ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်သိန်းနဲ့အဖွဲ့က ထိုင်းအလုပ်သမား ဝန်ကြီးဌာနနဲ့ ဘန်ကောက်မှာ မနေ့က ဆွေးနွေးခဲ့ပါတယ်။

မနေ့တုန်းက ဆွေးနွေးခဲ့တာနဲ့ပတ်သက်လို့ ဒုဝန်ကြီး ဦးမြင့်သိန်းက သတင်းစာရှင်းလင်းပွဲလည်း ပြုလုပ်ခဲ့ပါတယ်။

အလုပ်သမားအရေး ဆွေးနွေးတဲအထဲမှာ အဓိက အချက်ကတော့ လာမယ့်လ ၁၄ ရက်နေ့ဆိုရင် ထိုင်းနိုင်ငံက ထုတ်ပေးထားတဲ့ လက်မှတ် သက်တမ်းကုန်မယ် ၊ အဲဒီအခါ နောက်ထပ် သက်တမ်းမတိုးပေးဘူး၊ ထိုင်းထဲမှာ လက်မှတ်မရှိဘဲ အလုပ် လုပ်နေသူတွေကိုလည်း ထိုင်းနိုင်ငံအနေနဲ့ အလုပ်သမား လက်မှတ် အသစ် မထုတ်ပေးတော့တဲ့ အပြင် မြန်မာနိုင်ငံကနေ နိုင်ငံကူးလက်မှတ်နဲ့ လာအလုပ်လုပ်တာကိုဘဲ ခွင့်ပြုမယ်လို့ ထိုင်းအလုပ်သမား ဝန်ကြီးဌာနက ပြောပါတယ်။


ဒါကြောင့် ဘန်ကောက် ချင်းမိုင်အပါအဝင် မြို့ကြီး ၅ မြို့မှာ ဖွင့်ထားတဲ့ မြန်မာ အလုပ်သမား လက်မှတ် ထုတ်ပေးရေးရုံးတွေကို ပိတ်ဖို့ ထိုင်းက ပြောပြီး ဒါကို မြန်မာ အလုပ်သမား ဝန်ကြီးဌာန အနေနဲ့ သဘောတူချက် မပေးသေးဘူး ဆက်လက် ညှီနှိုင်း နေတုန်းဘဲလို အလုပ်သမားဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးမြင့်သိန်းက ပြောပါတယ်။

တရားဝင် နိုင်ငံကူး လက်မှတ်တွေကိုင်ပြီး လေယာဉ်နဲ့ လာမယ့် အလုပ်သမားတွေကိုလည်း ထိုင်းနိုင်ငံက ဗွီဇာကြေး ဘတ် ၅ဝဝ ဘဲယူပြီး အလုပ်လုပ်ခွင့် ဝေါ့ခ်ပါမစ် ထုတ်ပေးမယ်လို့ ထိုင်း အလုပ်သမား ဝန်ကြီးဌာနက ဆွေးနွေးပွဲမှာ အသိပေးခဲ့တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံ အနေ ကလည်း သဘောတူချက်တွေ အတိုင်း စတင် လုပ်ဆောင်သွားမယ့် အပြင် တရားဝင် အလုပ်သမားတွေ မြန်မာနိုင်ငံ ကနေ ပို့ဖို့ကတော့ ပုဂ္ဂလိက အေဂျင်စီ ၅ဝ က မှတ်ပုံတင်ထားပြီးပြီမို့ သူတို့က တဆင့် လုပ်ဆောင်သွားမယ်လို့ ဒုဝန်ကြီး ဦးမြင့်သိန်း ကပြောပါတယ်။


အလုပ်သမားတွေနဲ့ မှီခို သားသမီး ၊ မိဘတွေကိုလည်း မြန်မာနိုင်ငံသား အသိအမှတ်ပြုတဲ့ ထောက်ခံစာ နဲ့ နေထိုင်နိုင်ရေး အတွက် ယာယီနေထိုင်ခွင့်ပြုဖို့နဲ့ ဒီကလေးတွေ ပညာသင်ရေးမှာ မြန်မာသင်ရိုးညွှန်းတမ်းနဲ့ ကျောင်းဆရာတွေ ပို့လာဖို့ကိုလည်း ထိုင်းနိုင်ငံကို တင်ပြထားပါတယ်။


ထိုင်းနိုင်ငံမှာ အဖမ်းခံတဲ့ အလုပ်သမားတွေကို နယ်စပ်ကို ပို့တဲ့အခါ မြန်မာနိုင်ငံသား ဟုတ်မဟုတ်ကို မြန်မာတာဝန်ရှိသူတွေက စီစစ်ခွင့်ပြုဖို့နဲ့ တရားဝင် လွဲပြောင်းဖို့ကိုလည်း ထိုင်းကို တိုက်တွန်းထားပါတယ်။


နောက်ပြီးတော့ အကျဉ်းထောင်တွေမှာ အဖမ်းခံထားရတဲ့ မြန်မာနိုင်ငံ သား ခန့်မှန်ခြေ ၁ သောင်းလောက်ကိုလည်း ပြစ်ဒဏ် လျှော့ပေါ့ ပေးဖို့ကိုလည်း အလုပ်သမားဝန်ကြီး ဌာနက ထိုင်းကိုတောင်းဆိုတာကို ထိုင်းဘက် သက်ဆိုင် ရာနဲ့ ညှိနှိုင်း ဆောင်ရွက်ပေးမယ်လို့ ကတိပေးတဲ့ အကြောင်းကိုလည်း ဒုတိယဝန်ကြီး ဦးမြင့်သိန်းက ပြောသွားပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။