BBC navigation

အစိုးရက ဘာကြောင့် ဒီလို ဖြိုခွင်းတာလဲ

နောက်ဆုံး ရေးသားချိန် 29 နိုဝင်ဘာလ 2012 - 16:51 GMT
About 22 monks are betreated in Monywa hospital

မီးလောင် ဒဏ်ရာတွေနဲ့ မုံရွာ ဆေးရုံမှာ ဆေးကုသခံနေရတဲ့ သံဃာ ၂၂ ပါးရှိ

မုံရွာ ခရိုင် ဆားလင်းကြီး မြို့နယ် လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်း ကိုရပ်တန့် ပေးဖို့ ဆန္ဒပြ နေကြတဲ့ သပိတ် စခန်း ၆ ခုကို နိုဝင်ဘာလ ၂၉ ရက် မနက်လင်းအားကြီး သုံးနာရီ လောက်မှာ ရဲတပ်ဖွဲ့က မီးသတ် ပိုက်တွေ မျက်ရည်ယို ဗုံးတွေ၊ မီးသတ်ပိုက်တွေနဲ့ ပစ်ခတ် နှိမ်နင်းခဲ့ ပါတယ်။

ဆန္ဒပြသူတွေ ကတော့ အဲဒီ လက်နက်တွေ အပြင် မီးလောင် ဗုံးတွေ နဲ့ပါ ပစ်ခတ် ဖြိုခွင်းခဲ့ တယ်လို့ ပြောနေကြ ပါတယ်။

မြန်မာ အစိုးရ ဘက်ကလည်း သူတို့ အနေနဲ့ ဘာကြောင့် အင်အားသုံး ခဲ့ရတယ် ဆိုတဲ့ အကြောင်း ဖြိုခွင်းမှု လုပ်အပြီး နာရီပိုင်း အတွင်း မှာပဲ ကြေညာချက် ထုတ်ပြန်ပြီး ရှင်းလင်းခဲ့ ပါတယ်။

ဘယ်သူမှ ဖြတ်သန်း သွားလာခွင့် မပြုတဲ့ ပုဒ်မ ၁၄၄ ထုတ်ပြန် ထားတဲ့ နေရာမှာ ဝင်ရောက် သပိတ်မှောက် နေကြမှုဟာ နိုင်ငံရေး ပယောဂ ပါတယ်လို့ အစိုးရ ကြေညာချက်မှာ ဖော်ပြ ထားတာ တွေ့ရ ပါတယ်။

ရန်ကုန်မြို့က ရှေ့နေကြီး ဦးအောင်သိန်း ကတော့ သပိတ် မှောက်သူတွေ ဘက်က ဒီအခြေ အနေအထိ တောင်းဆို ဆန္ဒပြတဲ့ အထိ ဖြစ်လာရ တာဟာ နဂို ကတည်းက အစိုးရပိုင်းက ပွင့်လင်း မြင်သာမှု မရှိတဲ့ အတွက် ဖြစ်တယ် လို့ ထောက်ပြ ပါတယ်။

အခု ကြေးနီ စီမံကိန်း လုပ်ဆောင် နေကြသူတွေ ထဲမှာ တရုတ် ကုမ္ပဏီနဲ့ မြန်မာ စစ်တပ်ရဲ့ ဦးပိုင် ကုမ္ပဏီတို့ ပါဝင် နေပြီး တရုတ် ကို ကျေးဇူးတရား ထားရမယ် ဆိုတာမျိုး ပြောနေတာလည်း ရှိတယ်လို့ သူက ပြောပါတယ်။

တခါ တရား ဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ် အေးချမ်းရေး ကော်မီတီ ဥက္ကဌ ဖြစ်တဲ့ လွှတ်တော် အမတ် ဒေါ်အောင်ဆန်း စုကြည်က အခြေ အနေကို သွားရောက် လေ့လာဖို့ အစီ အစဉ် ရှိနေချိန်မှာ သူ့ ခရီးစဉ် မတိုင်ခင် လက်ဦးမှု ရယူပြီး ဖြိုခွင်းတဲ့ အစိုးရရဲ့ လုပ်ဆောင်ပုံကို ကြည့်ရင်လည်း လွှတ်တော်ကို အံတု တာလို့ ပြောနိုင်ကြောင်းနဲ့ နိုင်ငံရေး နဲ့ နွှယ်လာတယ် ဆိုတဲ့ သဘောလည်း သက်ရောက် တယ်လို့ ဦးအောင်သိန်းက ပြော ပါတယ်။

အခု လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းဟာ ပြည်သူ အများနဲ့ ဆိုင်တဲ့ ကိစ္စ ဖြစ်ပြီး သံဃာတော်တွေ ကပါ ဝိုင်းရံလာတဲ့ အတွက် အစိုးရ ဘက်က စိုးရိမ် စိတ်တွေ ဖြစ်လာပြီး အင်အားသုံး ဖြိုခွင်းတဲ့ အထိ ဖြစ်လာ တာလို့ ဦးအောင်သိန်းက ပြော ပါတယ်။

ဒီလပ်ရပ်ကြောင့် ဒီမိုကရေစီ လမ်းကြောင်းကို သွားနေ ပါတယ် ဆိုတဲ့ အစိုးရက ဆန္ဒပြမှု တွေကို အကြမ်းနည်းနဲ့ ဖြိုခွင်းတယ် ဆိုတာ ထင်ထင် ရှားရှား မြင်တွေ့ရတာ ဖြစ်ပြီး အစိုးရ သွားနေတဲ့ လမ်းကြောင်းကို ပြည်သူကလည်း သံသယ ဖြစ်လာနိုင်တယ်လို့ သူက သုံးသပ် ပါတယ်။

အခု လက်ရှိ ပြဿနာ ပြေလည်ရေး အတွက် ပြည်သူ လူထုက ယုံကြည် လက်ခံ သူတွေ ပါဝင်တဲ့ ကော်မရှင် တစ်ရပ် ဖွဲ့စည်းပြီး ဆောင်ရွက်ရင် အဖြေ တစ်ရပ် ရလာ နိုင်တယ်လို့ ဦးအောင်သိန်းက ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။