BBC navigation

လက်ပံတောင်းသပိတ် ဖြိုခွဲမှု အပေါ် ဒေါ်စု ဝေဖန်

နောက်ဆုံး ရေးသားချိန် 30 နိုဝင်ဘာလ 2012 - 11:54 GMT

အာဏာပိုင် တွေ အနေနဲ့ သံဃာတော်တွေကို တောင်းပန်ဖို့ လိုမယ်လို့ သတင်းစာ ရှင်းလင်းပွဲ မှာ ပြောကြား

လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း ရပ်ဆိုင်းရေး သပိတ်မှောက် နေကြသူတွေကို အာဏာပိုင် တွေက အင်အားသုံး ဖြိုခွဲ ခဲ့တဲ့အပေါ် ပြည်သူ့ လွှတ်တော် တရားဥပေဒ စိုးမိုးရေး ကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်က လူသိ ရှင်ကြား ထုတ်ဖေါ် ဝေဖန် လိုက်ပါတယ်။

လက်ပံတောင်း အရေးနဲ့ ပတ်သက်ပြီး မုံရွာမြို့ကို ရောက်ရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ သောကြာနေ့ မနက် ပိုင်းက ချင်းတွင်း မြစ်ကမ်းဘေး သောင်ပြင် မှာ လူထုကို မိန့်ခွန်း ပြောကြား ရာမှာ အခုလို ပြောကြား လိုက်တာ ဖြစ်ပါတယ်။

အခုလို အကြမ်းဖက်တဲ့ ကိစ္စ အပေါ် အာဏာပိုင်တွေ အနေနဲ့ ရှင်းလင်းချက် ပေးဖို့ လိုအပ် မယ်လို့လည်း ဒေါ်အောင်ဆန်း စုကြည်က ပြောပါတယ်။ ပြည်သူတွေ အနေနဲ့လည်း ညှိနှိုင်း တိုင်ပင် အဖြေရှာ တာကို လက်ခံ ဖို့ လိုမယ့်လို့ သူကပြော ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ မိန့်ခွန်း ပြောခဲ့ပြီးတဲ့နောက် ကျေးရွာ အသီးသီးက လာကြသူတွေနဲ့ တွေ့ဆုံခဲ့ သလို ခရိုင် ရဲမှူး အပါ အဝင် ရဲတပ်ဖွဲ့ အကြီးအကဲတွေ နဲ့လည်း တွေ့ဆုံခဲ့ကာ ဦးပိုင် ကုမ္ပဏီ တာဝန်ရှိသူ တွေနဲ့လည်း သီးခြားစီ တွေ့ဆုံခဲ့ပါတယ်။

အဲဒီနောက် နေ့လည် ၂ နာရီ လောက်မှာတော့ သူ တည်းခိုရာ ဟိုတယ်မှာ သတင်းစာ ရှင်းလင်းပွဲ လုပ်ရာ မှာတော့၊ သံဃာတော်တွေ မီးလောင် ဒဏ်ရာတွေ ရရှိခဲ့တဲ့ အတွက် အာဏာပိုင်တွေ အနေနဲ့ သံဃာတော်တွေကို တောင်းပန်ဖို့ လိုမယ်လို့ လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြား သွားခဲ့ပါတယ်။

ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ သံဃာတော်တွေ ကန့်ကွက် ဆန္ဒပြနေခဲ့ကြ ပါတယ်

ရန်ကုန်နဲ့ မန္တလေးမြို့ တွေမှာတော့ အာဏာပိုင်တွေက အကြမ်း ဖက် ဖြိုခွဲ ခဲ့တဲ့ အပေါ် ကန့်ကွက်တဲ့ အနေနဲ့ ဆန္ဒပြခဲ့ ကြပါတယ်။

ရန်ကုန်မှာ ဆိုရင် ဆူးလေဘုရားနဲ့ တရုတ် ကုမ္ပဏီရုံး ရှေ့မှာ သံဃာ အပါး ၃၀ ကျော်နဲ့ ပြည်သူတွေ စုပေါင်းပြီး ဆိုင်ဘုတ်တွေ၊ ပိုစတာ တွေကိုင် ဆောင်ကာ ဆန္ဒထုတ် ဖေါ်ခဲ့ ကြပါတယ်။

မန္တလေးမြို့ အိမ်တော်ရာ ဘုရားမှာလည်း သံဃာတော် ရာနဲ့ချီပြီး လက်ပံတောင်း တောင် ကိစ္စကို အကြမ်းဖက် ဖြိုခွင်းတဲ့အပေါ် ကန့်ကွက်ကြောင်း ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ် ခဲ့ကြပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။