BBC navigation

သပိတ် စခန်းကို ဖြိုခွဲတာ လက်နက်ကိုင် စခန်းကို ဝင်စီး သလို ဖြစ်နေ

နောက်ဆုံး ရေးသားချိန် 30 နိုဝင်ဘာလ 2012 - 16:45 GMT
Letpadaung crackdown

အဓိ ကရုဏ်း နှိမ်နင်းရေး ရဲတွေ ဖြိုခွဲ ရာမှာ မီးလောင် သွားတဲ့ မြင်ကွင်း

လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း ရပ်တန့်ဖို့ ဆန္ဒပြ နေကြတဲ့ သံဃာတော် တွေနဲ့ ရွာသားတွေကို အာဏာပိုင်တွေ ဘက်က အကြမ်း နည်းနဲ့ နှိမ်နင်း ခဲ့မှု အပေါ် မကျေနပ်တဲ့ ဆန္ဒ ပြမှုတွေ ဆက်လက် ဖြစ်ပွားခဲ့ ပါတယ်။
သံဃာတော်တွေ အိပ်မောကျ နေတဲ့ ဝေလီဝေလင်း အချိန်မှာ သပိတ် စခန်းကို အာဏာပိုင်တွေ ဘက်က ဖြိုခွင်း ပုံဟာ လက်နက်ကိုင်တွေရဲ့ စခန်းကို ဝင်စီး ပုံမျိုး ဖြစ်နေတယ်လို့ အဲဒီ နေရာကို ကိုယ်တိုင် သွားပြီး အခြေ အနေ တွေကို လေ့လာ ခဲ့တဲ့ မြန်မာ့ လူမှု ဘဝ ဖွံ့ဖြိုး တိုးတက်ရေး ကွန်ယက်က ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်က ပြောပါတယ်။

မီးလောင်ဗုံးလို့ ယူဆရတဲ့ ဗုံးတွေနဲ့ သပိတ်မှောက်သူတွေရဲ့ တဲတွေကို ပစ်ခတ်ခဲ့တာဟာ အကြမ်းဖက် ဖမ်းဆီးခံထားရတဲ့ ဓါးစာခံ တွေကို ကယ်ထုတ်ဖို့ ဒါမှ မဟုတ် နိုင်ငံရဲ့ အဓိက ပုဂ္ဂိုလ်မျိုး ထိန်းသိမ်း ခံထားရတဲ့ အခြေ အနေကို ကြုံရတဲ့ အခါမှာ ညဘက် စစ်ဆင်ရေး လုပ်ရတဲ့ ပုံစံမျိုးလို့ ဦးနေမျိုးဇင်က ပြောပါတယ်။

ဖြိုခွင်းခံရတဲ့ လက်ပံတောင်းကို ကိုယ်တိုင် သွားရောက်ပြီး သပိတ် မှောက် သံဃာတွေ နဲ့ လူ တချို့ကို အတွေ့အကြုံတွေ မေးမြန်းပြီး ကျည်ခွံ တွေ၊ မီးလောင် လို့ ကျန်ခဲ့တဲ့ သင်္ကန်း အပိုင်း အစတွေကို သက်သေ အဖြစ် သိမ်းယူ ခဲ့တယ်လို့ လည်း သူက ပြောပါတယ်။

လူတွေ အိပ်မောကျ နေချိန်မှာ လူတွေထဲကို ဗုံးသီး ပစ်ထည့်တဲ့ ဖြိုခွင်းပုံဟာ အဓိကရုဏ်း နှိမ်နင်းရေး ရဲတွေရဲ့ လုပ်ပိုင်ခွင့်ထက် ကျော်လွန် နေပြီလို့ ဦးနေမျိုးဇင်က ပြောပါတယ်။

မီးလောင်ဗုံး ဆိုတာဟာ ဗုံးသီး ထဲကနေ အရည် ပန်းထွက်ပြီး ကျတဲ့ နေရာ၊ ထိတဲ့ နေရာမှာ မီးစုန်းဓါတ်နဲ့ တောက်လောင်တယ် ဆိုတာကို စစ်သား တစ်ယောက် အနေနဲ့ သင်ယူ ခဲ့ဖူး တယ်လို့ သူက ပြောပါတယ်။

အခင်း ဖြစ်တဲ့ နေရာတွေက သူရရှိ ထားတဲ့ ကျည်ခွံ တွေကို ကြည့်ရင် ကျည်ခွံ အောက်ခြေကနေ စပရင်နဲ့ တွန်းလိုက်တဲ့ အခါ အပေါက် သေးလေးတွေ ကနေ အရည်တွေ ပန်းထွက် လာအောင် လုပ်ထားတဲ့ အတွက် အသေချာ မပြောနိုင်ပေမဲ့ ဒါတွေဟာ မီးလောင်ဗုံး ဖြစ်နိုင်တယ်လို့ ဦးနေမျိုးဇင်က သုံးသပ် ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။