BBC navigation

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကိစ္စ စုံစမ်းရေး ကော်မရှင်ဖွဲ့

နောက်ဆုံး ရေးသားချိန် 1 ဒီဇင်ဘာလ 2012 - 16:13 GMT

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဆန္ဒပြ သံဃာတော် တွေ အင်အားသုံး ဖြိုခွဲခံခဲ့ရ

စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာခရိုင် ဆားလင်း ကြီးမြို့နယ်အတွင်းရှိ လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း ဆက်ဆောင်ရွက်သင့်မသင့်နဲ့ ဆန္ဒပြမှုတွေကို ဖြိုခွဲခဲ့ပုံ ဖြစ်စဉ်တွေအကြောင်း အဖြစ်မှန် ဖေါ်ထုတ်နိုင်ဖို့အတွက် စုံစမ်း စစ်ဆေးရေး ကော်မရှင်တရပ်ကို နိုင်ငံတော် သမ္မတရဲ့ ညွှန်ကြားချက်နဲ့ စနေနေ့က ဖွဲ့စည်း တာဝန်ပေးအပ်လိုက်ပါတယ်။

အဲဒီကော်မရှင်ထဲမှာ ဥက္ကဌအဖြစ် ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်၊ အတွင်းရေးမှူးအဖြစ် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အတွင်းရေးမှူး ဦးစစ်မြိုင်နဲ့ အဖွဲ့ဝင် ၂၈ဦးကို ထည့်သွင်းထားပါတယ်။

စုံစမ်းမှု အစီရင်ခံစာကို လာမယ့် ဒီဇင်ဘာလ ၃၁ရက်နေ့ အရောက် တင်ပြရမယ်လို့ ဖေါ်ပြထားပါတယ်။

အခု တာဝန်ပေး ဖွဲ့စည်းလိုက်တဲ့ အဲဒီ ကော်မရှင် အဖွဲ့ထဲမှာ လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း ကိစ္စ အရေးမှာ ထဲထဲဝင်ဝင် ဦးဆောင် ဆောင်ရွက်ပေးနေသူ တဦးလည်းဖြစ် စစ်ကိုင်းတိုင်း ပုလဲမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် လည်း ဖြစ်တဲ့ ဒေါ်ခင်စန်းလှိုင်ကိုလည်း အဖွဲ့ဝင် တဦးအဖြစ် ထည့်သွင်းထား ပေမယ့် သူ့ကို အကြောင်းကြားတာမျိုး၊ အဲဒီ စုံစမ်းစစ်ဆေးရေး ကော်မရှင် အကြောင်း အသိပေးတာမျိုး မရှိခဲ့ဘူးလို့ ဒေါ်ခင်စန်းလှိုင်က ဘီဘီစီကို ပြောပါတယ်။

လွှတ်တော်ကို သူတင်ပြခဲ့တဲ့ အဆိုထဲမှာ လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း ကိစ္စနဲ့ ပတ်သက်လို့ ပြည်သူ ယုံကြည်ကိုးစားတဲ့ ပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေ၊ ပြည်တွင်းပြည်ပ ပညာရှင်တွေ ပါတဲ့ နိုင်ငံတော်အဆင့် စုံစမ်းစစ်ဆေးရေး ကော်မရှင် တရပ် ဖွဲ့ပြီး စုံစမ်း စစ်ဆေးပေးဖို့နဲ့ ရရှိလာတဲ့ သုံးသပ်ချက်တွေကို ပွင့်လင်းမြင်သာစွာ တုန့်ပြန် ဆောင်ရွက်ပြီး ကိုင်တွယ် အဖြေရှာဖို့ အဆိုကို တင်ပြခဲ့တာ ဖြစ်တယ်လို့ ဒေါ်ခင်စန်းလှိုင်က ပြောပါတယ်။

အခု ကော်မရှင်အဖွဲ့ထဲမှာတော့ ကာယကံရှင်တွေ ဖြစ်တဲ့ ကျေးရွာသူ ကျေးရွာသား တွေ မပါပဲ အစိုးရ စိတ်ကြိုက် ဖွဲ့ထားသူတွေသာ ပါကြောင်း၊ ဒါ့ကြောင့် တရားမျှတ တဲ့၊ ပြည်သူယုံကြည်တဲ့ ကော်မရှင်မျိုး မဟုတ်ဘူးလို့ သူ့အနေနဲ့ ယူဆကြောင်း ကော်မရှင်အဖွဲ့ဝင်အဖြစ် ခန့်အပ်ခံခဲ့ရသူ စစ်ကိုင်းတိုင်း ပုလဲမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ပြောပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။