BBC navigation

လက်ပံတောင်းကော်မရှင်မှာ ၈၈ တွေ မပါဝင်လို

နောက်ဆုံး ရေးသားချိန် 2 ဒီဇင်ဘာလ 2012 - 02:04 GMT
88 Generation Students logo

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနဲ့ ပတ်သက်တဲ့ စုံစမ်း စစ်ဆေးရေး ကော်မရှင် ထဲမှာ ၈၈ မျိုးဆက် ကျောင်းသားတွေ မပါဝင်လိုကြောင်း ထုတ်ဖော် ကြေငြာ လိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဥက္ကဌအဖြစ် ပါဝင်ပြီး အဖွဲ့ဝင် စုစုပေါင်း ၃၀ ပါရှိတဲ့ ကော်မရှင်ကို သမ္မတ ဦးသိန်းစိန်က စနေနေ့တုန်းက ဖွဲ့စည်း လိုက်တာ ဖြစ်ပါတယ်။

အဖွဲ့ဝင် ၃၀ ထဲမှာ ပါတီအသီးသီးက ကိုယ်စားလှယ်တွေ၊ အစိုးရအရာရှိကြီးတွေ၊ တက္ကသိုလ် ပညာရှင်တွေ၊ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင် နဲ့ ဦးကိုကိုကြီး၊ သပိတ်မှောက်တဲ့ ရွာ ၂၆ ရွာထဲမှာ ရွာ ၃ ရွာက ကိုယ်စားလှယ် ၃ ဦးတို့လည်း ပါဝင်ကြပါတယ်။

၈၈ အဖွဲ့အနေနဲ့ လွတ်လပ်တဲ့ စုံစမ်း စစ်ဆေးရေး ကော်မရှင် ဖွဲ့ဖို့ တောင်းဆိုခဲ့ပြီး အခု ဖွဲ့လိုက်တဲ့ ကော်မရှင်မှာတော့ ပါဝင်လိုတဲ့ ဆန္ဒမရှိကြောင်း သူတို့ရဲ့ ကြေငြာချက်မှာ ဖော်ပြပါတယ်။

NLD ပုလဲမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်ကလည်း အခုလို ပုံစံမျိုးနဲ့ ဖွဲ့တဲ့ ကော်မရှင်ကို လက်မခံတဲ့အကြောင်း ဘီဘီစီကို ပြောပါတယ်။

အခုလို လက်မခံမှု တချို့ ရှိနေတာကြောင့် လူတွေ ပိုမို ယုံကြည် လက်ခံ နိုင်မှု ရဖို့ဆိုရင် အခု ကော်မရှင်မှာပါတဲ့ ရွာသား ၃ ဦးအပြင် သပိတ်မှောက် ကျေးရွာတွေကို ကိုယ်စားပြုပြီး ပြောနိုင်မယ့် နောက်ထပ် ပုဂ္ဂိုလ်တွေ၊ အများလေးစားတဲ့ ဥပဒေပညာရှင်တွေ၊ တတ်သိပညာရှင်တွေ ပါဝင်ဖို့ လိုအပ်ကြောင်း အာရှ လူ့အခွင့်အရေး ကော်မရှင်က ရှေ့နေ ဦးမင်းလွင်ဦးက ပြောပါတယ်။

ဒီစုံစမ်းရေးကော်မရှင် ဖွဲ့လိုက်တာနဲ့ပတ်သက်ပြီး ဒေသခံတချို့ကတော့ စောင့်ကြည့်ရမယ်လို့ ပြောသလို လက်ပံတောင်း ကြေးနီစီမံကိန်း ရပ်ဆိုင်းရေး ဦးဆောင်လှုပ်ရှားသူတွေထဲမှာ ပါတဲ့ ဝက်မှေးရွာသူ မအေးနက်ကတော့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ကော်မရှင်ကို လက်ခံတဲ့အကြောင်း၊ ဒါပေမယ့် သူတို့ရဲ့ သပိတ်ကိုတော့ လှန်ဦးမှာ မဟုတ်ကြောင်း ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။