BBC navigation

ရခိုင်မှာ ကိုယ့်ဒေသလုံခြုံရေး ကိုယ်ယူနေရ

နောက်ဆုံး ရေးသားချိန် 3 ဒီဇင်ဘာလ 2012 - 01:26 GMT

ရခိုင် အရေးကြောင့် အိုးအိမ်မဲ့ရတဲ့ ဒုက္ခသည်တွေ

ခုတလော ရခိုင်ကမ်းရိုးတန်းမှာ လှေစီးပြီး မလေးကို ထွက်ခွာသွားကြတဲ့ လူတွေလို့ ယူဆရတဲ့ သူတွေကို ဖမ်းဆီး ရမိတာတွေ များလာနေတဲ့ အတွက် ဒေသခံတွေ အကြားမှာလည်း စိုးရိမ်မူတွေ တိုးလာနေတယ်လို့ သိရပါတယ်။

လွန်ခဲ့တဲ့ နို၀င်ဘာလ ၂၅ ရက်နေ့က စက်လှေပျက် တစ်စီးနဲ့ အတူ ကျောက်ဖြူမြို့နယ်မှာ ဖမ်းဆီးရမိတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၄၇ ဦးကို အာဏာပိုင် တွေက စက်ကို ပြင်ဆင်ပေးကာ အစားအသောက်တွေနဲ့ အတူ ပြန်လည် နှင်ထုတ်အပြီးမှာ နောက်ထပ် ပင်လယ်ထဲက ရေကူး တက်လာတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားလို့ ယူဆရတဲ့ သူ ၂ ဦးကို မာန်အောင်မြို့နယ် အပိုင် ရဲကျွန်းမှာ လွန်ခဲ့တဲ့ တစ်ရက်က ဖမ်းဆီးမိခဲ့ပါတယ်။

ခုလို ဖမ်းဆီးမိခဲ့တာကို ရဲကျွန်းမှာ တည်ရှိတဲ့ မြောက်ပိုင်းရွာက အမျိုးသမီး တစ်ဦးက အခု သံသယ ဖြစ်ဖွယ်ရာ လူနှစ်ဦးကို ဖမ်းမိခဲ့တဲ့ ရဲကျွန်းဟာ မာန်အောင်မြို့နဲ့ ဆိုရင် စက်လှေနဲ့ ၂ နာရီခန့် သွားရပြီး ကျွန်းပေါ်မှာ အိမ်ခြေ ၅၀၀ ခန့်ရှိတဲ့ တောင်ပိုင်းရွာနဲ့ မြောက်ပိုင်းရွာ နာမည်နဲ့ ရခိုင် ရွာနှစ်ရွာ ရှိတယ်လို့ ဆိုပါတယ်။

ပင်လယ်ထဲမှာ သီးခြားတည်ရှိနေတဲ့ အတွက် လုံခြုံရေးကို အထူး စိုးရိမ်နေကြတာကြောင့် ကျေးရွာသားတွေဟာ သူတို့ရွာတွေရဲ့ လုံခြုံရေးကို သူတို့ တာ၀န်ယူထားရတယ်လို့ ရဲကျွန်း ဒေသခံ အမျိုးသမီး တစ်ဦးက ပြောပါတယ်။

အခု တလော ရခိုင်ဘက်မှာ ဖမ်းဆီးရမိတဲ့သူတွေဟာ မလေးကို လှေစီးပြီး ခိုးသွားကြတဲ့သူတွေလို့ လူတွေက ယေဘူယျ လက်ခံ ထားကြပေမယ့် ရခိုင် ပဋိပက္ခ နဲ့ ဆက်စပ်သူတွေ ဟုတ်မဟုတ် ဆိုတာကို ခွဲခြား မသိနိုင်တဲ့ အတွက် ဒေသခံတွေဘက်က စိုးရိမ်မူ တိုးပွားနေကြတာ ဖြစ်ပါတယ်။

ဒါပြင် မြန်မာ ရေပိုင်နက်ထဲထိ ၀င်ရောက်လာတဲ့ သူတွေကို ရေတပ်ကရော၊ တခြား လုံခြုံရေး တပ်ဖွဲ့၀င်တွေက ဖမ်းဆီးမိတာ မဟုတ်ဘဲ ဒေသခံတွေက ဖမ်းဆီးပြီး အာဏာပိုင်တွေရဲ့ လက်ကို အပ်ရတဲ့ အတွက် မြန်မာ နိုင်ငံရေးရဲ့ ကမ်းရိုးတန်း ဒေသ လုံခြုံရေး နဲ့ ပတ်သက်ပြီးလည်း ဒေသခံတွေအကြားမှာ မေးခွန်းထုတ်စရာ ဖြစ်နေတယ်လို့လည်း သိရှိရပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။