BBC navigation

လက်ပံတောင်း စုံစမ်းရေးကော်မရှင် ပြန်ဖွဲ့

နောက်ဆုံး ရေးသားချိန် 3 ဒီဇင်ဘာလ 2012 - 16:04 GMT
monywa

လက်ပံတောင်း စီမံကိန်း ဒေသခံတွေ ကန့်ကွက်ခဲ့

လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း စုံစမ်း စစ်ဆေးရေး ကော်မရှင် အသစ်ကို တနင်္လာ နေ့ နေ့စွဲနဲ့ အသစ် ပြန်ဖွဲ့ လိုက်ပါတယ်။ စနေနေ့ တုန်းက အဖွဲ့ဝင် ၃ဝ နဲ့ ဖွဲ့စည်းခဲ့တဲ့ ကော်မရှင် ကို ဖျက်သိမ်း လိုက်ပြီး အသစ် မှာတော့ ၁၆ ဦးသာ ပါဝင်ပါတယ်။ ကော်မရှင် ဥက္ကဋ္ဌက ဒေါ် အောင်ဆန်းစုကြည်ပဲ ဖြစ်ပါတယ်။

ဒီကြေးနီ စီမံကိန်းဟာ နိုင်ငံတကာ စံချိန်စံညွှန်းနဲ့ ကိုက်ညီသလား၊ ဒီစီမံကိန်းကြောင့် အစိုးရ၊ လူထုနဲ့ အနာဂတ် မျိုးဆက်တွေ အတွက် အကျိုးရှိ မရှိ ကော်မရှင်က စုံစမ်း ရမှာ ဖြစ်ပါတယ်။

ကော်မရှင်ရဲ့ လုပ်ပိုင်ခွင့်တွေ ပိုပေးထားပြီး ကြားဖြတ်အစီရင်ခံစာ ထုတ်ဖို့ နောက်လကုန်ထိ အချိန်ပေး ပါတယ်။

ကော်မရှင်သစ် အတွင်းရေးမှူးက အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က သံအမတ်ဟောင်း ဦးကျော်တင့်ဆွေ ဖြစ်ပါတယ်။

ပုလဲ မြို့နယ် NLD လွှတ်တော် အမတ် ဒေါ်ခင်စန်းလှိုင်နဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး သမားတွေ၊ အစိုးရ တာဝန်ရှိသူ တွေနဲ့ ဒေသတွင်းက ရွာသား ၃ ဦး ပါဝင်တာ တွေ့ရပါတယ်။

လိုအပ်လာရင် ကြေညာချက်ထဲမှာ မပါတဲ့ ခေါင်းစဉ်တွေနဲ့လည်း ကော်မရှင်က စုံစမ်းနိုင်ပါတယ်။ လိုအပ်တဲ့ ကျွမ်းကျင် ပညာရှင်တွေကို ခန့်အပ် တာဝန်ပေးခွင့်လဲ ပြုထားတယ်။

ကော်မရှင်ရဲ့ သက်တမ်း ကုန်ဆုံးရက် သတ်မှတ် မထားဘဲ ကြားဖြတ် အစီရင်ခံစာကို ဇန်နဝါရီလ ၃၁ ရက် နောက်ဆုံးထားပြီး သမ္မတဆီ တင်သွင်း ပြီးနောက် လိုသလို ဆက်ဆောင်ရွက်ဖို့ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ကော်မရှင်မှာ ၈၈ မျိုးဆက် ကိုမင်းကိုနိုင်နဲ့ ဦးကိုကိုကြီးတို့ ပါဝင်ပေမယ့် ဒီနေ့ ဖွဲ့စည်းတဲ့ ကော်မရှင် အသစ်မှာတော့ သူတို့ မပါတော့ပါဘူး။ သူတို့ အပြင်က ကူညီဆောင်ရွက်ဖို့ ရည်ရွယ်ထားလို့ ဖြစ်တယ်လို့ ဦးကိုကိုကြီးက ရှင်းပြပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ၈၈ မျိုးဆက် အဖွဲ့ရဲ့ ဒီကနေ့ ထုတ်ပြန်တဲ့ ကြေညာချက် မှာတော့ စုံစမ်းနေတဲ့ ကာလမှာ စီမံကိန်း ရပ်နားထားဖို့၊ ဒဏ်ရာသူတွေကို ဆေးကုပေးဖို့နဲ့ တာဝန်ရှိသူတွေ ဝန်ချတောင်းပန်ဖို့ ဖော်ပြ ထားပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။