BBC navigation

လက်ပံတောင်း ကော်မရှင် ရက်ပိုင်း အတွင်း စစ်ဆေးမယ်

နောက်ဆုံး ရေးသားချိန် 4 ဒီဇင်ဘာလ 2012 - 15:56 GMT
Letpadaung crackdown

နှိမ်နင်း ခံခဲ့ရတဲ့ လက်ပံတောင်း သပိတ် စခန်းတွေ မီးလောင်ကျွမ်းခဲ့

လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း ဆန္ဒ ပြမှုကို အာဏာပိုင်တွေ ဘက်က အင်အားသုံး ဖြိုခွင်းခဲ့ ပြီးတဲ့နောက်မှာ ဖွဲ့စည်း ခဲ့တဲ့ စုံစမ်းရေး ကော်မရှင် ရဲ့ ပထမဆုံး အစည်း အဝေးကို ဒီဇင်ဘာလ ၄ ရက်နေ့က နေပြည်တော်မှာ ကျင်းပခဲ့ ပါတယ်။

ဒေါ်အောင်ဆန်း စုကြည် ဦးဆောင် ပြီး စုစုပေါင်း ၁၆ ယောက် ပါဝင်တဲ့ စုံစမ်းရေး ကော်မရှင် အစည်း အဝေးမှာ စုံစမ်း စစ်ဆေးရေး ကိစ္စကို ရက်ပိုင်း အတွင်း အမြန်ဆုံး စတင်ဖို့ ဆုံးဖြတ် ခဲ့ကြတယ်လို့ ကော်မရှင် အဖွဲ့ဝင် တစ်ယောက် ဖြစ်တဲ့ ပုလဲ မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ဘီဘီစီကို ပြောပါတယ်။

စုံစမ်းရေး အဖွဲ့ဝင်တွေ ကြေးနီ စီမံကန်း နေရာကို သွားရောက်ပြီး လေ့လာ စုံစမ်းမှုတွေ စတင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

အစည်း အဝေးမှာ သူ့ အနေနဲ့ လွှတ်တော်မှာ တင်ပြ ခဲ့တဲ့ အချက်တွေ အတိုင်း ဆက်လက် ဆောင်ရွက်ဖို့နဲ့ သပိတ်စခန်းတွေကို အင်အားသုံး ဖြိုခွင်း ခဲ့ရာမှာ တာဝန် ရှိသူတွေကို ဖော်ထုတ် အရေးယူ ဖို့နဲ့ သံဃာ တော်တွေ အပေါ် အပြစ် ကျူးလွန်သူ တွေက လူသိရှင်ကြား တောင်းပန်ဖို့ စတာ တွေကို တင်ပြ တောင်းဆို ခဲ့တယ်လို့ သူက ပြောပါတယ်။

သူတောင်းဆိုတဲ့ အချက် တွေဟာ စုံစမ်းရေး ကော်မရှင် ဖွဲ့စည်း ဆောင်ရွက်ရတဲ့ အကြောင်းတွေ နဲ့လည်း ကိုက်ညီ နေတဲ့ အတွက် ဒီကိစ္စတွေကို အားလုံး ပူးပေါင်း ဆောင်ရွက် ကြဖို့ မျှော်လင့် ပါတယ်လို့ ဒေါ်ခင်စန်းလှိုင်က ပြော ပါတယ်။

ကြေးနီ စီမံကိန်းက သဘာဝ ပတ်ဝန်းကျင် မထိခိုက် စေရေး နိုင်ငံ တကာ စံချိန် စံနှုန်းတွေ အတိုင်း လုပ်ဆောင်မှု ရှိမရှိ၊ လူမှု ပတ်ဝန်းကျင်နဲ့ သဘာဝ ပတ်ဝန်းကျင် အပေါ် သက်ရောက် နိုင်တဲ့ ကောင်းကျိုး ဆိုးပြစ်များ၊ နိုင်ငံနဲ့ လူမျိုး အပေါ် အကျိုး သက်ရောက်မှု စတာ တွေကို စုံစမ်း စစ်ဆေးပြီး ကော်မရှင်ရဲ့ တွေ့ရှိချက် တွေကို သမ္မတထံ ဇန်နဝါရီလ ၃၁ ရက် နောက်ဆုံး ထားပြီး အစီရင်ခံစာ တင်သွင်း ရမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။