BBC navigation

အဂတိ လိုက်စားမှု မြန်မာ တတိယ ချိတ်

နောက်ဆုံး ရေးသားချိန် 5 ဒီဇင်ဘာလ 2012 - 18:38 GMT
Transparency International

၂၀၁၂ ခုနှစ် အတွက် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး အဖွဲ့ရဲ့ စာရင်း ထွက်လာ

၂၀၁၂ ခုနှစ် အတွက် ကမ္ဘာ ပေါ်မှာ အဂတိ လိုက်စားမှု အကင်းရှင်းဆုံး နိုင်ငံများ စာရင်းကို အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဆိုင်ရာ နိုင်ငံ တကာ အဖွဲ့ Transperancy International က ထုတ်ပြန် လိုက်ရာမှာ နိုင်ငံပေါင်း ၁၇၄ နိုင်ငံ အနက် မြန်မာ နိုင်ငံက နံပတ် ၁၇၂ ချိတ်တဲ့ အတွက် အဆိုးဆုံး နံပတ် ၃ နေရာမှာ ရှိပါတယ်။

ဒီစာရင်းကို နောက်ကနေ ပြောင်းပြန် ရေတွက်ရင် ထိပ်ဆုံးမှာ ရှိနေတဲ့ မြောက်ကိုရီးယား၊ အာဖဂန် နစ္စတန်နဲ့ ဆိုမာလီယာ နိုင်ငံတို့က အဂတိ လိုက်စားမှု အဆိုးဆုံး နိုင်ငံတွေ အဖြစ် ပူးတွဲ ပထမ နေရာမှာ ရှိပါတယ်။

ဥရောပ သမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေ ထဲမှာတော့ ဘဏ္ဍာရေး အကျပ် အတည်း ရင်ဆိုင် နေရတဲ့ ဂရိ နိုင်ငံက အမှတ် ၉၄ နေရာမှာ ရှိနေပြီး ပြည်သူ့ ဝန်ဆောင်မှု ကဏ္ဍ တွေမှာ အဂတိ လိုက်စားမှု အရှိဆုံး ဖြစ်နေတာ တွေ့ရပါတယ်။

ယူရိုဇုံ ထဲက စီးပွားရေး ပြဿနာ ရင်ဆိုင် နေရတဲ့ ပေါ်တူဂီ၊ အိုင်ယာလန်နဲ့ အီတလီ နိုင်ငံတို့လည်း အရင်နှစ်တွေ ကထက် အဆင့်တွေ လျော့ကျ သွားခဲ့ ပါတယ်။

အဂတိ လိုက်စားမှု အကင်းရှင်းဆုံး နိုင်ငံတွေ ထဲမှာတော့ ဒိန်းမတ်၊ ဖင်လန် နဲ့ နယူး ဇီလန် နိုင်ငံ တို့ က ပူးတွဲ ပထမ နေရာကို ယူနိုင်ခဲ့ ပါတယ်။

ဆွီဒင်က ဒုတိယ ဖြစ်ပြီး အာရှတိုက်က စင်ကာပူ နိုင်ငံက တတိယ နေရာမှာ ရှိပါတယ်။

အဆိုးဝါးဆုံး အဂတိ လိုက်စားမှု ရှိတဲ့ နိုင်ငံကို သုည မှတ်ပေးပြီး အကင်းရှင်းဆုံး နိုင်ငံကို အမှတ် ၁၀၀ ပေးတဲ့ စနစ်နဲ့ အမှတ်ပေးပြီး အခုလို စာရင်း ထုတ်ပြန် ခဲ့တာပါ။

မြန်မာ နိုင်ငံက အမှတ် ၁၀၀ မှာ ၁၅ မှတ် ရရှိ တာကြောင့် မနှစ်က ရခဲ့တဲ့ ၁ ဒဿမ ၅ ထက်စာရင် ဆယ်ဆ တက်လာတယ်လို့ ပြောနိုင်ပါတယ်။အဂတိ လိုက်စားမှု အကင်းရှင်းဆုံး ထိပ်က ပြေးနေတဲ့ ဒိန်းမတ်၊ ဖင်လန် နဲ့ နယူး ဇီလန် နိုင်ငံ တို့ကတော့ အမှတ် ၁၀၀ မှာ အမှတ် ၉၀ ရပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။