BBC navigation

ရခိုင်က ဒုက္ခသည်စခန်းတွေ အလွန်စိုးရိမ်ရလို့ ကုလပြော

နောက်ဆုံး ရေးသားချိန် 6 ဒီဇင်ဘာလ 2012 - 01:13 GMT
Valerie Amos in Rakhine Dec 06, 2012

Ms. Valerie Amos

ရခိုင်ပြည်နယ်တွင်းက ယာယီ ဒုက္ခသည်စခန်းတွေရဲ့ အခြေအနေဟာ အလွန် ဆိုးရွားနေတဲ့အတွက် အထူး စိုးရိမ်မိကြောင်း ကုလသမဂ္ဂရဲ့ လူသားချင်း စာနာ ထောက်ထားမှု ဆိုင်ရာ ဒုတိယ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စ ဗယ်လာရီ အေးမို့စ်က ပြောပါတယ်။

မစ္စ ဗယ်လာရီ အေးမို့စ်ဟာ မြန်မာ နိုင်ငံကို ၅ ရက်ကြာ ခရီးစဉ်အဖြစ် ရောက်ရှိနေပြီး အင်္ဂါနေ့တုန်းက ရခိုင်ပြည်နယ်တွင်းကို သွားရောက်ခဲ့ပါတယ်။

ရခိုင်ပြည်နယ်တွင်းမှာ ဇွန်လအတွင်းက စခဲ့ပြီး အောက်တိုဘာလအတွင်း တကျော့ပြန် ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် လူအမြောက်အမြား အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ရသလို ယာယီ စခန်းတွေမှာ နေရတဲ့ ဒုက္ခသည် ၁ သိန်းကျော် ရှိပါတယ်။

မစ္စ ဗယ်လာရီ အေးမို့စ်က သူ့အနေနဲ့ အလွန်စိုးရိမ်မိကြောင်း၊ စခန်းတွေထဲမှာ လူ ထောင်နဲ့ချီပြီး ပြွပ်သိပ်နေကြောင်း၊ ဒါပေမယ့် ကုလသမဂ္ဂအနေနဲ့လည်း စခန်းတွေထဲထိ ဝင်ပြီး အကူအညီကို ပေးချင်သလောက် ပြည့်ပြည့်ဝဝ မလုပ်ပေး နိုင်သေးကြောင်း၊ စခန်းတွေထဲမှာ အမိုးအကာတွေ ချို့တဲ့နေပြီး သန်းရှင်းမှုနဲ့ ကျန်းမာရေး စောင့်ရှောက်မှုက စိုးရိမ်စရာ အနေအထားဖြစ်ကြောင်း မစ္စ အေးမို့စ်က ဘီဘီစီကို ပြောပါတယ်။

မစ္စ အေးမို့စ်ဟာ နယ်စပ်ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးနဲ့အတူ ရခိုင်ပြည်နယ် စစ်တွေ၊ မြေပုံ၊ ပေါက်တောနဲ့ မောင်းတော်မြို့နယ်တွေဘက်ကို သွားရောက်ခဲ့တယ်လို့ ကုလသမဂဂ္ဂက သတင်းထုတ်ပြန်ပါတယ်။

အခု တွေ့ရတဲ့ ဒုက္ခသည်စခန်းတွေဟာ ကမ္ဘာမှာ မဟုတ်ရင်တောင် အာရှအတွင်းမှာ အခြေအနေ အဆိုးဆုံး ဒုက္ခသည်စခန်းတွေထဲမှာ ပါဝင်တယ်လို့ အကူအညီပေးရေး အဖွဲ့တွေက ပြောပါတယ်။

ကုလသမဂ္ဂဘက်ကနေ ရခိုင်ပြည်နယ်တွင်းမှာ အကူအညီ အမေရိကန် ဒေါ်လာ ၆၈ သန်း တောင်းခံထားရာမှာ ဒေါ်လာ ၄၁ သန်း လိုအပ်နေသေးကြောင်းလည်း သိရပါတယ်။

ယာယီစခန်းတွေမှာ အကူအညီတွေ လိုနေသေးသလို အထူးသဖြင့် အင်္ဂါနေ့က သွားရောက်ကြည့်ရှုခဲ့တဲ့အထဲမှာ ပါတဲ့ မြေပုံမြို့နယ်က ဒုက္ခသည် စခန်းနှစ်ခုမှာဆိုရင် ရခိုင် ဒုက္ခသည် စခန်းကို ရွက်ဖျင်တဲ၊ အစားအစာနဲ့ ဆေးဝါး ပုံမှန် ထောက်ပံ့ပေးနိုင်တာ တွေ့ရပြီး အဲဒီနဲ့ သိပ်မဝေးတဲ့ ရိုဟင်ဂျာ မွတ်ဆလင်တွေ စခန်းမှာတော့ အကူအညီ ကောင်းကောင်း မရတာ တွေ့ရတယ်၊ သူတို့ဟာ စခန်းအပြင် ထွက်လို့လည်း မရဘူးလို့ ဗယ်လာရီ အေးမို့စ်နဲ့ အတူ သတင်းယူဖို့ လိုက်သွားတဲ့ ဘီဘီစီ သတင်းထောက် ဂျိနာ ဖစ်ရှာက ပြောပါတယ်။

ဒုက္ခသည်စခန်းတွေ ပြွတ်သိပ်နေတဲ့အတွက် မြေနေရာလည်း ဒီထက်ပိုချဲ့ဖို့ လိုနေကြောင်းကို နယ်စပ် ဝန်ကြီးကို ပြောဖို့ ရှိတယ်လို့လည်း မစ္စ အေးမို့စ်က ပြောပါတယ်။

နောက်ပြီး မစ္စ ဗယ်လာရီ အေးမိုစ်ဟာ မြန်မာအစိုးရကိုလည်း ရခိုင်ပြည်နယ်တွင်းမှာ အကူအညီတွေ တိုးပေးနိုင်အောင် ကူညီလုပ်ဆောင်ဖို့နဲ့ ပြန်လည်သင့်မြတ်အောင် လုပ်ဆောင်ဖို့အရေးမှာ အစိုးရဘက်က ဦးဆောင် ဦးရွက်ပြု လုပ်ဆောင်ဖို့လည်း ပန်ကြားလိုက်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။