BBC navigation

ကုလအရေးပေါ် ကယ်ဆယ်ညှိနှိုင်းရေးမှူး ရခိုင်ကိုသွား

နောက်ဆုံး ရေးသားချိန် 5 ဒီဇင်ဘာလ 2012 - 16:21 GMT
Valerie Amos, United Nations Under-Secretary-General for Humanitarian Affairs and Emergency Relief Coordinator

မြန်မာ နိုင်ငံက ဒုက္ခသည် တွေရဲ့ အခြေ အနေ တွေကို ကိုယ်တိုင် သွားကြည့်ခဲ့

မြန်မာနိုင်ငံမှာ ၄ ရက်ကြာ ခရီးစဉ် အဖြစ် ရောက်ရှိ နေတဲ့ ကုလ သမဂ္ဂ လူသားချင်း စာနာ ထောက်ထားမှု ဆိုင်ရာ ဒုတိယ အထွေထွေ အတွင်း ရေးမှူးချုပ် လည်း ဖြစ်၊ အရေးပေါ် ကယ်ဆယ် ညှိနှိုင်း ရေးမှူးလည်း ဖြစ်တဲ့ ဗယ်လရီ အေးမိုးစ် Valerie Amos ဟာ ရခိုင် ပြည်နယ် စစ်တွေ၊ မြေပုံ၊ မောင်တော မြို့နယ် တို့ အတွင်းမှာ ရှိတဲ့ ဒုက္ခသည် စခန်းတွေကို ဗုဒ္ဓဟူးနေ့က သွားရောက် ခဲ့ပြီး ရခိုင် ဒုက္ခသည် တွေနဲ့ရော၊ မွတ်ဆလင် ဒုက္ခ သည်တွေ နဲ့ပါ တွေ့ဆုံခဲ့ ပါတယ်။

သူနဲ့ အတူ ရခိုင် ခရီးစဉ်မှာ လိုက်ပါသွားတဲ့ ရန်ကုန် အခြေစိုက် ကုလသမဂ္ဂ လူသားချင်း စာနာမှု ဆိုင်ရာ ညှိနှိုင်း ရေးမှူး မစ္စတာ အာရှော့ နင်ဂရမ် Ashok Ningham က အဲဒီ ဒုက္ခသည် စခန်းက အခြေ အနေတွေကို ဘီဘီစီကို ပြောပြ ရာမှာ ဒုက္ခသည် စခန်းတွေဆီ အကူ အညီတွေ ဖြည်းဖြည်းချင်း ပို့ပေး နိုင်နေပြီ လို့ ဆိုပါတယ်။

အစိုးရ တာဝန်ရှိ ပုဂ္ဂိုလ်တွေနဲ့ ပူးပေါင်းပြီး ဒုက္ခသည် စခန်းတွေဆီကို လူသားချင်း စာနာတဲ့ အထောက် အပံ့တွေ ပေးပို့ ရာမှာ ပထဝီ နေရာ အနေ အထား အရနဲ့ နိုင်ငံတကာ ပရဟိတ အဖွဲ့ အစည်းတွေ အပေါ် ဒုက္ခသည် တချို့ရဲ့ အမြင် သဘောထား တွေကြောင့် အခက် အခဲ တချို့ တွေ့ရတယ်လို့ မစ္စတာ အာရှော့ နင်ဂရမ်က ပြောပါတယ်။

ကြာသပတေး နေ့မှာတော့ ဗယ်လရီ အေးမိုးစ် ဟာ ကချင် ဒေသက ဒုက္ခသည် စခန်းတွေကို သွားရောက် လေ့လာမှာ ဖြစ်ပါတယ်။

သူ့ခရီးစဉ် မပြီးဆုံးခင် သောကြာနေ့ ဒီဇင်ဘာလ ၇ ရက်နေ့ မှာတော့ ရန်ကုန်မြို့ ဆူးလေ ဘုရား လမ်းမှာ ရှိတဲ့ UNICEF ကုလသမဂ္ဂ ကလေး သူငယ်များ ဆိုင်ရာ ရန်ပုံငွေ အဖွဲ့ ရုံးခန်းမှာ သူ့ရဲ့ မြန်မာ ခရီးစဉ်နဲ့ ပတ်သက်ပြီး သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်မှာ ဖြစ်ပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။