BBC navigation

ရင်းနှီးမြှုပ်နှံမှု ဥပဒေကို ကိုင်တွယ် ကျင့်သုံးပုံ အရေးကြီး

နောက်ဆုံး ရေးသားချိန် 6 ဒီဇင်ဘာလ 2012 - 01:38 GMT

နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုတွေ လမ်းဖွင့်ပေးခဲ့တဲ့ သမ္မတ ဦးသိန်းစိန် ( ဝဲ ) ဗီယက်နမ် သမ္မတကို နှုတ်ဆက်

မြန်မာနိုင်ငံမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေကို ဆွဲဆောင်နိုင်ဖို့ အတွက် ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ ကော်မရှင်က ဥပဒေကို ဘယ်လို ကိုင်တွယ် ကျင့်သုံးသလဲဆိုတဲ့ အချက်ဟာ သိပ်အရေးကြီးတယ်လို့ Baker and McKenzie ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ နိုင်ငံတကာ ဥပဒေ အကြံပေး ကုမ္ပဏီရဲ့ အကြီးတန်း အကြံပေးအရာရှိ Clive Cook က ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှုဆိုင်ရာ ဥပဒေဟာ ရှင်လင်း တိကျမှုရှိရဲ့လား ဒါမှမဟုတ် ရင်းနှီးမြှုပ်နှံသူတွေကို စဉ်းစား သွားစေမယ့် အချက်မျိုးတွေ ပါ၀င်သလား ဆိုတဲ့ အမေးကိုတော့ သူက ပြန်လည် ဖြေကြားရာမှာ သူ့အထင် ဥပဒေကို အခြေခံဘောင်ချ ထားတာကတော့ ရှင်းလင်းမှု ရှိပေမယ့် အဲဒီဥ ပဒေကို ရေးဆွဲထားတဲ့ပုံက မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှု လုပ်ချင်တယ်ဆိုရင် မြန်မာ နိုင်ငံ ရင်းနှီး မြှုပ်နှံ မှု ဆိုင်ရာ ကော်မရှင် MIC ရဲ့ ခွင့်ပြုချက်ရဖို့လိုတယ် ၊ ရင်းနှီးမြှုပ်နှံမှုကို တိုးချင်ရင်လည်း ခွင့်ပြုချက် ထပ်လိုတယ် ၊ ပြန်ရောင်းချင်ရင်လည်း MIC ခွင့်ပြုချက် လိုပြီး နိုင်ငံတိုင်းမှာ နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှုဥပဒေကို အဲဒီလိုလုပ်ကြတာမျိုး မဟုတ်ပါဘူးလို့ မစ္စတာ ကလိုက်ဗ် ကွတ်ခ်က ရှင်းပြခဲ့ပါတယ်။

တချို့နိုင်ငံတွေမှာ ဆိုရင် ရင်းနှီးမြှုပ်နှံမှုနဲ့ ပတ် သက်တဲ့ စံနှုန်းတွေကို သတ်မှတ် ထားပြီး အဲဒီစံနှုန်းတွေနဲ့ ညီမညီ စောင့်ကြည့်တာမျိုး သာ လုပ်ကြောင်း ၊ ခွင့်ပြုချက်ဆိုတာမျိုး မလိုပေမယ့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေကို တဖြည်းဖြည်း လုပ်နေ တဲ့အချိန်မှာ အခုလို ဥပဒေပြဌာန်းတာဟာ သင့်တော်တယ်လို့တော့ လေ့လာ မိကြောင်း ၊ ဒီအခါမှာ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကော်မရှင်ဟာ လာရောက်တဲ့ ကုမ္ပဏီ တွေကို ဘယ်လို ဆက်ဆံလဲ ဆိုတာ အရေးကြီးတယ်လို့ သူက ပြောပါတယ်။

တခါ ဒီဥပဒေမှာ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ကို လုပ်ပိုင်ခွင့်တွေ အလွန် အကျွံပေးထား တဲ့ သဘောမျိုးရှိနေလားလို့ မေးမြန်း ကြည့်ရာမှာ ဘာကြောင့် အခုလို အခြေခံနဲ့ ဥပဒေ ရေးဆွဲ ထားလဲဆိုတာကို နားလည်ပါတယ် ၊ တကယ်တမ်းမှာ ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ ကော်မရှင်ဟာ ဒီအခွင့် အာဏာ တွေကို အကျိုး ရှိအောင် အသုံးချလို့ ရပါတယ် ၊ ဆုံးဖြတ်ခွင့်ရှိတဲ့ အဖွဲ့အစည်းဖြစ်လို့ လိုအပ်တဲ့ ဆုံးဖြတ်ချက် တွေကို မြန်မြန်ဆန်ဆန် ချလို့ ရနိုင်ပါတယ် ၊ အရင်ကလည်း အဲဒီလို လုပ်ခဲ့တာမျိုး တွေ့ရပြီး တကယ်လို့ ရင်းနှီးမြှုပ်နှံဖို့ အဆိုပြုချက် အမျိုးမျိုး အပေါ် ကြောင်းကျိုး ညီညွတ်တဲ့ ဆုံးဖြတ်ချက်မျိုးတွေ ချပေးနိုင် မယ်ဆိုရင် လူတွေရဲ့ယုံကြည်မှုကို ရလာနိုင်ပါတယ်လို့ သူက ဆိုပါတယ်။

ရင်းနှီးမြှုပ်နှံတဲ့ သူတွေဖက်ကလည်း ကိုယ့်အရင်း အနှီးနဲ့ပတ်သက်လို့ သေချာမှုကိုလိုချင်ကြပြီး လောလော ဆယ်မှာတော့ ဥပဒေကို ဘယ်လို အကောင်အထည် ဖော်မလဲဆိုတာ မသိရသေးသလို ဥပဒေ အသေး စိတ် ကိုလည်း မထုတ်ပြန်ရသေး ပါဘူးလို့ မစ္စတာ ကလိုက်ဗ် ကွတ်ခ်က ပြောပါတယ်။

ရင်းနှီးမြှုပ်နှံချင်ကြတဲ့ ကုမ္ပဏီတွေ ဖက်ကတော့ ဒီဥပဒေအပေါ် ကနဦး တုံ့ပြန်ချက် က အကောင်းမြင်တဲ့ ဖက်က ရှိပြီး စံနစ်တကျ ဥပဒေ အခြေခံကို တည်ဆောက် ထားတယ် ၊ အကောက်ခွန်သက်သာခွင့် ပေးတာမျိုး ဆွဲဆောင် မှု တွေ လည်း ရှိတယ်လို့ သူက ဆိုပါတယ်။

ကာလရှည်မြေယာအဆောက်အဦငှားရမ်းခွင့်ရှိသလို၊ အဲဒီပိုင်ဆိုင်မှု ကို ငွေအတွက်အာမခံထားဖို့ လည်းအသုံးပြုနိုင်ပြီး ဒါတွေအားလုံးဟာ ရင်းနှီး မြှုပ်နှံ တဲ့ သူတွေ ဖက်က ကြည့်ရင် အကောင်းတွေချည်း ဖြစ်ပေမယ့် တကယ်တမ်းရင်းနှီးမြှုပ်နှံ တဲ့အခါမှာ တော့ ရှေ့နောက်ညီညွတ်မှု မျိုးကို ကုမ္ပဏီတွေဖက်က လိုချင်ကြတယ်လို့ သူက ရှင်းပြခဲ့ ပါတယ်။

ရင်းနှီးမြှုပ်နှံသူတွေကို ဆွဲဆောင်ဖို့ မြန်မာအစိုးရဖက်က တရားမျှမျှတတ ဆုံးဖြတ် ကိုင်တွယ် တာတွေ လုပ်ပါမယ် ဆိုတာမျိုး အာမခံချက် ပေးဖို့ လိုနေသလားလို့ မေးကြည့်တဲ့ အခါ မစ္စတာ ကလိုက်ဗ် ကွတ်ခ် က ဒီနေရာမှာလိုအပ်ချက် နှစ်ခုရှိပြီး ပထမတခုက နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေဆိုတာ အခြေခံ လိုအပ်ချက် တခုကို ဖြည့်ဆည်း ပေးလိုက်တဲ့ ကနဦး အဆင့်ဘဲ ရှိပါသေးကြောင်း ၊ ဥပမာ ဉာဏ ပစ္စည်း ပိုင်ဆိုင်မှုကို ကာကွယ်ပေးဖို့ကလည်း ရင်းနှီး မြှုပ်နှံသူတွေ အတွက် အရေးကြီးပြီး ဒုတိယ အနေနဲ့က ရင်းနှီးမြှုပ်နှံမှု ကော်မီတီအပိုင်းလို့ သူက ဆိုပါတယ်။

ကော်မရှင်က ရင်းနှီးမြှုပ်နှံသူတွေကို ရှေ့နောက်ညီညွတ် မှုရှိတဲ့ ဆက်ဆံရေးမျိုး ထားဖို့ ၊ တန်းတူယှဉ်ပြိုင်ခွင့်ရအောင် လုပ်ပေးဖို့ လိုတဲ့အပြင် ရင်းနှီးမြှုပ်နှံသူတွေ ၀င်လာတဲ့အခါ သူတို့နဲ့ သဘောတူညီထားတာတွေကို လေးစားလိုက်နာမယ်၊ ပြီးတော့ တကယ်တမ်း အောင်မြင်မှုတွေ ရလာတဲ့အခါ တခြား လူတွေလည်း ၀င်မလာစရာ အကြောင်းမရှိဘူးလို့ သူက ရှင်းပြခဲ့ပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။