BBC navigation

ကချင် ဒုက္ခသည်တွေကို ကူညီခွင့်ပြုဖို့ ကုလတောင်းဆို

နောက်ဆုံး ရေးသားချိန် 6 ဒီဇင်ဘာလ 2012 - 16:09 GMT
amos

ကုလသမဂ္ဂ အရာရှိ မစ္စ ဗယ်လာရီ အေးမို့စ်

ကချင်နဲ့ အစိုးရ စစ်တပ်တို့ရဲ့ တိုက်ပွဲ တွေကြောင့် ဒုက္ခရောက်ပြီး ထွက်ပြေး တိမ်းရှောင် နေရတဲ့ စစ်ပြေး ဒုက္ခသည်ပေါင်း ၄၀၀၀၀ နီးပါးအတွက် အကူအညီ ပေးခွင့်ပြုဖို့ ကုလသမဂ္ဂရဲ့ လူသားချင်း စာနာ ထောက်ထားမှု ဆိုင်ရာ ဒုတိယ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စ ဗယ်လာရီ အေးမို့စ်က တောင်းဆိုလိုက် ပါတယ်။

မြန်မာ နိုင်ငံမှာ ထူးခြားတဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေပြီ ဖြစ်ပေမယ့် ကချင်ပြည်နယ် မှာတော့ ဆိုးဆိုးဝါးဝါး ဒုက္ခ ရောက်နေကြပါတယ်။ စစ်ဘေးကြောင့် ပြေးခဲ့ရတဲ့ သူစုစုပေါင်း ၇၅၀၀၀ ရှိပြီး အဲဒီ အထဲက ၄၀၀၀၀ လောက်ဆီကို လုံးဝ အကူအညီ အထောက်အပံ့ ပေးပို့လို့ မရဘဲ အခက်အခဲ ရင်ဆိုင် ကြုံတွေ့ နေရတယ်လို့ ကုလသမဂ္ဂရဲ့ လူသားချင်းစာနာ ထောက်ထားမှု ဆိုင်ရာ ဒုတိယ အထွေထွေ အတွင်းရေးမှူးချုပ် က ပြောလိုက်တာ ဖြစ်ပါတယ်။

ဘာ့ကြောင့် အကူအညီတွေ ပေးခွင့် မပြုဘဲ ပိတ်ထားရတာလဲ လို့ အဲဒီ ခရီးစဉ်မှာ လိုက်ပါ သတင်းယူနေတဲ့ ဘီဘီစီ သတင်းထောက် က နယ်စပ်ရေးရာ ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးကို မေးမြန်း ရာမှာတော့ သူက အဲဒီ နေရာတွေဟာ အန္တရာယ်ရှိတဲ့ နေရာ တွေဖြစ်ကြောင်းနဲ့ အဲဒီ ဒေသတွေကို အထောက်အကူ ပစ္စည်းတွေ ခွင့်ပြုဖို့ အခွင့်အာဏာလည်း သူ့မှာ မရှိတဲ့ အကြောင်း ပြောပါတယ်။

ဒါဆိုရင် ခွင့်မပြုဘဲ ပိတ်ပင်ထားသူက သမ္မတ ဦးသိန်းစိန်လားလို့ မေးတဲ့ အခါမှာတော့ ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးက သူတို့ကို ကားသုံးစီးစာ အကူအညီတွေ ပေးခဲ့ပြီး ဖြစ်တယ်လို့ ဖြေပါတယ်။

ဒါဟာ ကုလသမဂ္ဂ ဘက်က ကြည့်ရင် နည်းလွန်းတယ် မလုံလောက် နိုင်ဘူး၊ သူတို့ကို အကူအညီတွေ ပုံမှန် ပေးဖို့ လိုနေတယ်။ ဘာ့ကြောင့် ဒုက္ခသည်တွေကို အကူအညီ ပေးမယ့် ကိစ္စကို ခွင့်မပြု နိုင်ရတာလဲ လို့ မေးရာမှာတော့ လုံခြုံရေး ပေါ်မှာ မူတည်နေကြောင်းနဲ့ ကုလသမဂ္ဂ က ကူညီထောက်ပံ့ သူတွေကို အန္တရာယ် ဖြစ်မှာကို သူတို့ မလိုလားပါဘူးလို့ ဖြေခဲ့ပါတယ်။

ဒါပေမယ့် ဒီဖြေကြားချက်ဟာ လက်ခံနိုင်ဖွယ် အကြောင်းပြချက် ပါသလား ဆိုတာကို ဘီဘီစီ သတင်းထောက်က မစ္စ ဗယ်လာရီ အေးမို့စ်ကို မေးပြန်တော့ သူတို့မှာ အန္တရာယ် ရှိတဲ့ ဒေသတွေကို သွားရောက်ပြီး အကူအညီ ပေးခဲ့ဖူးတဲ့ အတွေ့အကြုံ အများအပြား ရှိတဲ့အကြောင်းပြောပါတယ်။

ဆက်လက်ပြီး ကုလသမဂ္ဂ ဘက်က အလုပ်လုပ်တဲ့အခါမှာ အန္တရာယ် အတိုင်းအတာ ပမာဏကို ကိုယ့် အဖွဲ့အစည်းရဲ့ ကိုယ်ပိုင် အကဲဖြတ်မှုနဲ့ တွက်ချက်ပြီး တိုင်းတာ ဆောင်ရွက်လေ့ ရှိတဲ့ အကြောင်း၊ တခါတလေမှာ သိပ်ကို အန္တရာယ် ကြီးတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင် ရလေ့ ရှိပြီး ပျက်ဆီး ဆုံးရှုံး ရတာ မျိုးတွေလည်း ရှိတဲ့ အကြောင်းနဲ့ အဲဒီ အခါမှာတော့ တော်တော် စိတ်ထိခိုက် ရတဲ့ အကြောင်း ပြောပါတယ်။

ဒါပေမယ့် အခု အခြေအနေတွေက အဲဒီလိုမျိုး မဟုတ်တဲ့အကြောင်း ၊ အစိုးရဘက်က ပြောနေသလို အန္တရာယ် ကြီးတဲ့ အခြေအနေမျိုး မဟုတ်တဲ့ အကြောင်း ပြောပါတယ်။

ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးကတော့ အကူအညီတွေကို ပိတ်ဆို့ ဟန့်တား ထားရတာ သမ္မတရဲ့ ခွင့်ပြုချက် မရလို့ပါလို့ ဖြေပါတယ်။ ဒီတော့ သမ္မတက ပြုပြင် ပြောင်းလဲရေး တွေ လုပ်နေတယ် လို့ တဘက်က တွင်တွင် ပြောနေပြီး အခုလို ဒုက္ခသည်တွေ အတွက် အကူအညီတွေကို ပိတ်ဆို့ တားဆီးနေတာ ဘာကြောင့်ပါလဲ လို့ မေးရာမှာတော့ လုံခြုံရေးနဲ့ အကူအညီ တွေကို ချိန်ထိုး စဉ်းစား နေရတဲ့ အကြောင်းနဲ့ ဒီပြဿနာက ဒီလောက် ရိုးရှင်း လွယ်ကူတဲ့ ကိစ္စ မဟုတ်ကြောင်း ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးက ဖြေကြား သွားခဲ့ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။