BBC navigation

အယ်လ်ဂျာဇီးရား သတင်းကို မြန်မာ ကန့်ကွက်

နောက်ဆုံး ရေးသားချိန် 7 ဒီဇင်ဘာလ 2012 - 11:55 GMT

အယ်လ်ဂျာဇီးရား ရုပ်မြင်သံကြား သတင်း ဌာနဟာ ကာတာ နိုင်ငံ အခြေစိုက် ဖြစ်ပါတယ်

အယ်လ်ဂျာဇီးရား သတင်း ဌာန ကနေ မကြာခင် ထုတ်လွှင့် ပြသဖို့ ရှိတဲ့ ရခိုင် ပြည်နယ် ပဋိပက္ခ ဆိုင်ရာ ရုပ်မြင်သံကြား သတင်း မှတ်တမ်း တစ်ခုကို မြန်မာ အစိုးရက ပြင်းပြင်း ထန်ထန် ကန့်ကွက် လိုက် ပါတယ်။

အယ်လ်ဂျာဇီးရားက သူတို့ အဆို ရိုဟင်ဂျာ ဆိုတဲ့ ရခိုင် ဒေသက မွတ်ဆလင် တွေကို လူမျိုးတုံး သတ်ဖြတ်မှုတွေ ရှိနေတယ်လို့ သူတို့ ထုတ်လွှင့်ချက်မှာ ထည့်သွင်း ဖေါ်ပြမှာ ဖြစ်တဲ့ အတွက် အခုလို ကန့်ကွက် ရတာ ဖြစ်ကြောင်း မြန်မာ နိုင်ငံခြားရေး ဝန်ကြီး ဌာန ကနေ ဒီဇင်ဘာလ ၆ ရက် သောကြာနေ့ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ ကြေညာချက် ထဲမှာ ဖော်ပြထား ပါတယ်။

အယ်လ်ဂျာဇီးရား ရုပ်မြင် သံကြား သတင်း ဌာနဟာ ကာတာ နိုင်ငံ အခြေစိုက် သတင်း ဌာန တခု ဖြစ်ပြီး၊ ရခိုင် ပြည်နယ် မှတ်တမ်း သတင်းကို ဒီဇင်ဘာလ ၈ ရက်နေ့ ကနေ ၁၂ ရက်နေ့ အထိ အာရပ် ဘာသာနဲ့ ထုတ်လွှင့်မှာ ဖြစ်ပါတယ်။

ဒီအစီအစဉ် ကိုပဲ အင်္ဂလိပ် ဘာသာနဲ့ ဒီဇင်ဘာ ၉ ရက်နေ့ ကနေ ၁၃ ရက်နေ့ အထိ ထုတ်လွှင့် ပြသ သွားမှာ ဖြစ်ကြောင်း အဲလ်ဂျာဇီးရား သတင်း ဌာနက ကြော်ငြာ နေပါတယ်။

ရခိုင် ပြည်နယ် ပဋိပက္ခကို မဟုတ် မမှန် လုပ်ကြံ ပုံကြီးချဲ့ပြီး သတင်း မှတ်တမ်း အဖြစ် ထုတ်လွှင့် ပြသဖို့ အယ်လ်ဂျားဇီးရားက စီစဉ် နေတယ်လို့ မြန်မာ နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ကြေညာချက် ထဲမှာ ဖေါ်ပြ ထားပါတယ်။

ဒါဟာ နိုင်ငံခြား သတင်းဌာန တခုကို မြန်မာ အစိုးရက ပထမဦးဆုံး ကန့်ကွက်မှုလည်း ဖြစ်ပါတယ်။

ရခိုင်ပြည်နယ် အတွင်း ဖြစ်ခဲ့တဲ့ ပဋိ ပက္ခတွေနဲ့ ပတ်သက်ပြီး ဖြစ်ရပ်မှန်ကို လေ့လာ စုံစမ်းဖို့ သမ္မတက ဖွဲ့စည်း ပေးထားတဲ့ စုံစမ်းရေး အဖွဲ့ဝင် ကိုဇာဂနာခေါ် ဦးသူရကတော့ မြန်မာ အစိုးရ ဘက်က ကန့်ကွက် တာဟာ လောလောဆယ် တည်ငြိမ် နေတဲ့ အခြေ အနေမှာ အယ်လ်ဂျာဇီးရားက ထုတ်လွှင့်မယ့် အစီ အစဉ်ကြောင့် ဆူပူ အုံကြွမှုတွေ ထပ်ဖြစ် လာမှာကို စိုးရိမ်ပြီး ကန့်ကွက်တာ လို့ယူဆ မိကြောင်း ပြောပါတယ်။

အရင် တုန်းကလည်း အလားတူ ဖြစ်ခဲ့ဖူးတဲ့ သာဓကတွေ ရှိခဲ့တယ်လို့ သူက ပြောပါတယ်။

အယ်လ်ဂျာဇီးရား သတင်း ဌာနက ပြောဆိုချက် တွေဟာ မှန်ကန်မှု မရှိတာကိုလည်း သူ့ အတွေ့ အကြုံအရ သိခဲ့ရတယ်၊ ဒုတိယ အကျော့ ပြဿနာတွေ ဖြစ်ခဲ့လို့ မီးတွေ လောင်နေ ခဲ့ချိန်က စုံစမ်းရေး အဖွဲ့ဝင်တွေ ဒေသတွင်းမှာ ရှိနေပြီး အဲဒီလို နေရာ တွေကို အယ်လ်ဂျာဇီးရားက မရောက်ရှိ ခဲ့ဘူးလို့ ကိုဇာဂနာက ပြောပါတယ်။

ရခိုင်ပြည်နယ် အတွင်းမှာ လူမျိုးတုံး သတ်ဖြတ်မှု ရှိနေတယ် ဆိုပြီး ပြသမယ့် အယ်လ်ဂျာဇီးရားရဲ့ သတင်း မှတ်တမ်း ထဲက စွပ်စွဲချက် ဟာလည်း အဓိပ္ပါယ် မရှိဘူးလို့ ဦးသူရက ပြောပါတယ်။

အယ်လ်ဂျာဇီးရား အနေနဲ့ သက်သေ ပြနိုင်ရင် ပြဖို့နဲ့ စုံစမ်းရေး အဖွဲ့ရဲ့ လေ့လာ စုံစမ်းမှု အရတော့ ဒီလက္ခဏာ ရှိတာ မတွေ့ ခဲ့ရဘူးလို့ ဆိုပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။