BBC navigation

ချင်းအမျိုးသားတပ်ဦး အစိုးရနဲ့တွေ့

နောက်ဆုံး ရေးသားချိန် 8 ဒီဇင်ဘာလ 2012 - 01:37 GMT
chro

ရန်ကုန် ငြိမ်းချမ်းရေး စင်တာမှာ တွေ့ဆုံ

ဦးအောင်မင်း ဦးဆောင်တဲ့ အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နဲ့ ချင်းအမျိုးသား တပ်ဦး (CNF) ကိုယ်စားလှယ်တွေ ရန်ကုန်မှာ အစိုးရ ဖွင့်ထားတဲ့ ငြိမ်းချမ်းရေး စင်တာမှာ သောကြာနေ့က ပထမဆုံး အကြိမ် တွေ့ဆုံဆွေးနွေးကြ ပါတယ်။

ချင်းအမျိုးတပ်ဦး CNF နဲ့ အစိုးရတို့ စနေနေ့မှာ ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ဒုတိယအကြိမ် လုပ်ဖို့ အကြို ဆွေးနွေး ခဲ့တာ ဖြစ်ပါတယ်။

အလွတ်သဘော ဆွေးနွေးပွဲမှာတော့ CNF ဖက်က နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှု ဆိုင်ရာ မူဘောင်တွေ၊ နိုင်ငံရေး ဆွေးနွေးပွဲ ဖြစ်မြောက်ဖို့ ဘယ်လိုပုံနဲ့ တွေ့ဆုံဆွေးနွေး ကြမလဲ၊ နောက်ပြီး တပ်မတော် တခုတည်းရှိရမယ် ဆိုတဲ့ကိစ္စတွေ ဆွေးနွေးခဲ့ကြတယ် လို့ CNF အတွင်းရေးမှူး ဒေါက်တာ ရွှေခါးက ပြောပါတယ်။

နောက်ပြီး ချင်းအမျိုးသားရေး ကိစ္စနဲ့ CNF အတွက် လှုပ်ရှားမယ့် နယ်မြေ စတဲ့ အချက်တွေကိုလည်း ဆွေးနွေးခဲ့တယ် လို့ CNF ပြောရေးဆိုခွင့်ရ ဦးရွှေခါးက ပြောပါတယ်။

CNF တင်ပြတဲ့ ၅ ချက်ထဲက စစ်ရေးဆိုင်ရာ ကိစ္စ၊ နယ်မြေ သတ်မှတ်မှုကိစ္စ တွေက လွဲပြီး ကျန်တဲ့အချက်တွေကို အစိုးရဘက်က အလွယ်တကူ သဘောတူ လိုက်လျော နိုင်လိမ့်မယ်လို့ မျှော်လင့်ထားတယ်လို့ ဦးရွှေခါးက ဆိုပါတယ်။

ဒီဆွေးနွေးပွဲကိုတက်ရောက်တဲ့ CNF အဖွဲ့၀င်တွေကို အထွေထွေ အတွင်းရေးမှူး ပူကျင်ကျုံး (Pu Zing Cung) က ဦးဆောင်ပြီး တိုင်းရင်းသား အဖွဲ့အစည်းတွေကို အရေးပေါ် ကူညီထောက်ပံ့နေတဲ့ ဂျပန်နိုင်ငံက နိပွန် ဖောင်ဒေးရှင်း ဥက္ကဋ္ဌ Mr. Yohei Sasakawa တို့အဖွဲ့နဲ့ အမေရိကန် သံရုံး ကိုယ်စားလှယ် တွေလည်း လေ့လာသူတွေ အနေနဲ့ ပါဝင်ခဲ့ပါတယ်။

CNF ဟာ အိန္ဒိယ-မြန်မာနယ်စပ်မှာ အခြေစိုက်နေတဲ့ လက်နက်ကိုင်အဖွဲ့ ဖြစ်ပါတယ်။ အစိုးရနဲ့ သူတို့ ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ တခါ၊ မေလမှာ တခါ ၂ ခါ တွေ့ဆုံဆွေးနွေးပြီး ဖြစ်ပါတယ်။

မနက်ဖြန် လုပ်မယ့် ဒုတိယအကြိမ် ဆွေးနွေးပွဲ ပြီးရင် ရန်ကုန်က ချင်းလူထု အခြေပြု အဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီတွေ၊ ကျောင်းသား လူငယ်တွေနဲ့လည်း တွေ့ဆုံသွားဖို့ ရှိတယ်လို့ သိရပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။