BBC navigation

ရခိုင်အရေး သတင်းစာ ရှင်းလင်းပွဲ ကျင်းပ

နောက်ဆုံး ရေးသားချိန် 8 ဒီဇင်ဘာလ 2012 - 15:57 GMT

ရခိုင်ဒုက္ခသည်တွေဆီ ကယ်ဆယ်ရေး အကူ အညီတွေ အမြန်ရောက်ရေး ဆောင်ရွက် ပေးမယ်လို့ နယ်စပ်ရေး ဝန်ကြီး ပြော

ရခိုင်ပြည်နယ် အရေးနဲ့ ပတ်သက်တဲ့ တွေ့ဆုံ ရှင်းလင်းပွဲကို စနေနေ့က ရန်ကုန်မြို့မှာ ရှိတဲ့ နိုင်ငံခြားရေး ဝန်ကြီးရုံးမှာ ကျင်းပခဲ့ပြီး နယ်စပ်ရေးရာ ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးနဲ့ အစိုးရ တာဝန်ရှိ ပုဂ္ဂိုလ်တွေက ရခိုင်ဒေသ အခြေအနေတွေကို ဓါတ်ပုံတွေနဲ့ တကွ ရှင်းလင်း ပြောပြသွားခဲ့ပါတယ်။

ရခိုင်ပြည်နယ်က လက်ရှိ အခြေအနေအကြောင်းကို ရှင်းလင်းပြောပြသွားသလို ဒုက္ခသည်စခန်းတွေဆီ လူသားချင်း စာနာတဲ့ ကယ်ဆယ်ရေး အထောက်အပံ့တွေ ပို့ဆောင်ရေးမှာ လုံခြုံရေး အခြေအနေကြောင့် နှောင့်နှေးမှုတွေ ဖြစ်နေတာအပေါ် ဖြေရှင်း ဆောင်ရွက်သွား မှာ ဖြစ်ကြောင်း နယ်စပ်ရေးရာ ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးက ပြောပါတယ်။

ရခိုင်ဒေသ ပဋိပက္ခ ဖြစ်အောင် နောက်ကွက်ကနေ ကြိုးကိုင်စီစဉ်သူတွေကို စုံစမ်း စစ်ဆေးနေပြီ ဖြစ်ပြီး ခိုင်လုံတဲ့ အထောက်အထားတွေ ရလာတဲ့အခါ ချပြမယ်လို့ လည်း ဆိုပါတယ်။

ရခိုင်ဒေသမှာ နေထိုင်နေတဲ့ ဘင်္ဂါလီ မွတ်ဆလင်တွေကို လူမျိုးတုံးအောင် လုပ်နေတယ် ဆိုတဲ့ ခေါင်းစဉ်နဲ့ အယ်လ်ဂျာဇီးယား သတင်းဌာနရဲ့ စွပ်စွဲ ထုတ်လွှင့်ချက်တွေကို မြန်မာအစိုးရအနေနဲ့ လိုအပ်သလို တုန့်ပြန်သွားမှာ ဖြစ်ကြောင်းနဲ့ ၁၉၈၂ခုနှစ်က ရခိုင်ဒေသမှာ ဘင်္ဂါလီ မွတ်ဆလင် လူဦးရေ ၁သိန်း ရှိပြီး အခု ၂၀၁၂ ခုနှစ်မှာ လူဦးရေ ၁၀သိန်း အထိ ရှိလာနေတာကို ကြည့်ခြင်းအားဖြင့် ဒီစွပ်စွဲ ပြောဆိုချက်တွေကို ချင့်ချိန် နှိုင်းဆနိုင်ကြောင်း ပြောသွားပါတယ်။

နယ်စပ်ရေးရာ ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးနဲ့ တာဝန်ရှိ ပုဂ္ဂိုလ်တွေဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက ကုလသမဂ္ဂ လူသားချင်း စာနာ ထောက်ထားမှု အကူအညီ ပေးရေးဆိုင်ရာ လက်ထောက်အတွင်းရေးမှူးချုပ် Valerie Amos နဲ့အတူ စစ်တွေ၊ မြေပုံ၊ ပေါက်တောနဲ့ မောင်တော မြို့နယ်တွေမှာ ရှိတဲ့ ဒုက္ခသည်စခန်းတွေကို သွားရောက် လေ့လာ ကြည့်ရှုခဲ့ကြပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။