BBC navigation

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မြေလတ် ခရီးစဉ်

နောက်ဆုံး ရေးသားချိန် 9 ဒီဇင်ဘာလ 2012 - 17:17 GMT
assk

လူထု ကိုယ့်အားကိုယ် ကိုးဖို့လို

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မကွေးတိုင်းနဲ့ မန္တလေးတိုင်းက မြို့နယ် တချို့ကို သွားတဲ့ ခရီးစဉ် ပြီးဆုံးသွားပြီး ရန်ကုန်ကို ပြန်ရောက်ပြီ ဖြစ်ပါတယ်။

သူရောက်ခဲ့တဲ့ မြို့နယ် အတော် များများမှာ အရင်က NLD ဟာ အာဏာရ လိုမှုနဲ့ လုပ်ခဲ့တာ မဟုတ်ပေမယ့် ခုအချိန်မှာတော့ တိုင်းပြည်ကောင်းအောင် လုပ်ဖို့၊ လူထုအနေနဲ့ တိုင်းပြည် ကောင်းအောင် လုပ်မယ့်လူကို ထောက်ခံဖို့ လိုကြောင်း ဟောပြောခဲ့တယ်လို့ သိရပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲ စည်းရုံးရေး ကာလက ဒေါ်အောင်ဆန်းစုကြည် လာမယ်လို့ ပြောထားတဲ့ ကတိအရ ဒီဇင်ဘာလ ၈ ရက်နဲ့ ၉ ရက်မှာ အထက်မြန်မာပြည် တောင်တွင်းကြီး နတ်မောက် မကွေး ရေနံချောင်း ကျောက်ပန်းတောင်း စတဲ့မြို့တွေကို လှည့်လည် ဟောပြော ခဲ့ပါတယ်။

ခရီးစဉ်တလျှောက် အမှာစကား ပြောခဲ့တဲ့ ၁ဝ နေရာလောက်မှာ လူထု အနေနဲ့ တဦးတယောက်ကို ယုံကြည်လွန်ပြီး အားကိုး နေတာထက် ကိုယ့်အား ကိုယ်ကိုးပြီး အစိုးရ အထက်ကနေ ပြည်သူတွေက ခိုင်းနိုင်ဖို့ ကြိုးစားရမှာ ဖြစ်ကြောင်း၊ သူ့အနေနဲ့လည်း အများ ကြိုက်ဖို့ထက် တိုင်းပြည်အနာဂတ် အကျိုးရှိ တာတွေကို ဦးစားပေး လုပ်မယ့် အကြောင်း ပြောခဲ့တယ်လို့ NLD ပြောခွင့်ရ ဦးအုန်းကြိုင်ကပြောပါတယ်။

ဒီခရီးစဉ်မှာ လူထု ထောက်ခံမှုက အရင်ကထက် လျော့မသွားသလို အာဏာပိုင် ဘက်ကလည်း အရင်နဲ့မတူဘဲ ဂရုတစိုက် စောင့်ရှောက်ကြောင်း မကွေး NLD ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်သိန်းက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီဇင်ဘာလ ၈ ရက်နေ့ မနက် စောစောက နေပြည်တော် ကနေ ကားနဲ့ ထွက်ခဲ့ပြီး ဆတ်သွား ၊ တောင်တွင်းကြီး၊ မြို့လုလင်၊ နတ်မောက်၊ မကွေး၊ ရေနံချောင်း၊ ဂွေးပင်၊ ကျောက်ပန်းတောင်းနဲ့ ညောင်ဦးမြို့ တွေကို လှည့်လည် ဟောပြောခဲ့တာပါ။

တနင်္ဂနွေ နေ့ ညနေ ၅ နာရီ မှာတော့ ခရီးစဉ် အဆုံးသတ်ပြီး ညောင်ဦး လေဆိပ်ကနေ ရန်ကုန်ကို လေယာဉ်နဲ့ ပြန်သွားခဲ့ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။