BBC navigation

မြန်မာချုပ်အထည်တွေ အမေရိကန်ပို့ဖို့ ကြိုးပမ်း

နောက်ဆုံး ရေးသားချိန် 9 ဒီဇင်ဘာလ 2012 - 01:04 GMT
Garment Burma

မြန်မာပြည်က အထည်ချုပ် စက်ရုံတစ်ခု

မြန်မာနိုင်ငံချုပ် အထည်တွေ အမေရိကန်ကို ပို့နိုင်ဖို့အတွက် မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးမြင့်စိုးနဲ့ အဖွဲ့ဟာ ပြီးခဲ့တဲ့ သတင်းပတ်တွေက အမေရိကန် နိုင်ငံကို သွားရောက် ဆွေးနွေးခဲ့ပါတယ်။

အမေရိကန်ဟာ မြန်မာနိုင်ငံက ပို့ကုန်တွေကို ပိတ်ဆို့ထားရာက လျော့ပေါ့ပေးမယ့်အကြောင်း သမ္မတ ဘရက် အိုဘားမား မြန်မာပြည် မလာခင်လေးကပဲ ကြေငြာခဲ့တာ ဖြစ်ပါတယ်။ လျော့ပေါ့ပေးတဲ့ အထဲမှာ အဓိကအားဖြင့် မြန်မာပြည်ချုပ် အထည်တွေလည်း ပါဝင်မှာ ဖြစ်ပါတယ်။

အခုလို ပိတ်ဆို့မှုတွေ လျော့ပေါ့ပေးတဲ့အတွက် အမေရိကန်ကို မြန်မာနိုင်ငံက တင်ပို့မယ့် အထည်တွေဟာ ၂၅ ရာခိုင်နှုန်း ကနေ ၃၅ ရာခိုင်နှုန်း အထိ တိုးတက်လာမယ်လို့ မျှော်မှန်း ထားကြောင်း ဦးမြင့်စိုးက ပြောပါတယ်။

ဂျပန်နိုင်ငံကို တိုးတက် တင်ပို့နိုင်ခဲ့သလိုမျိုး ရေရှည်မှာဆိုရင်လည်း စျေးကွက်ပွင့်လင်းလာမှုနဲ့ ထုတ်လုပ်စွမ်းအား မြင့်မားမှုအပေါ် မူတည်ပြီး အမေရိကန်ကိုလည်း တစ်နှစ်ထက် တစ်နှစ် တိုးတိုးပြီး တင်ပို့နိုင်မယ်လို့ မျှော်လင့်ကြောင်း သူက ပြောပါတယ်။

သူ့ရဲ့ အမေရိကန် ခရီးစဉ်အတွင်း အလုပ်သမား ဥပဒေနဲ့ လုပ်ထုံးလုပ်နည်းတွေ၊ ကုမ္ပဏီတွေဘက်က ယူရမယ့် တာဝန်အပိုင်းတွေ၊ အမေရိကန်က စီးပွားရေးဆိုင်ရာ မူဝါဒနဲ့ စည်းမျဉ်းစည်းကမ်းတွေအကြောင်းလည်း ဆွေးနွေးခဲ့တယ်လို့ ဦးမြင့်စိုးက ပြောပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့ ညီတဲ့ အလုပ်ချိန် သတ်မှတ်ချက်လို အလုပ်သမား ဥပဒေ အများအပြား ရှိပေမယ့် နိုင်ငံတကာနဲ့ မညီသေးတဲ့ ဥပဒေတွေလည်း ရှိကောင်း ရှိနိုင်တာကြောင့် ညှိနှိုင်း လုပ်ဆောင် သွားရမယ့် အခြေအနေတွေလည်း ရှိနိုင်ကြောင်း သူက ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။