BBC navigation

ဖုံးကွယ်ထားတဲ့ လူမျိုးတုံး သတ်ဖြတ်မှု ရခိုင်ပဋိပက္ခ သတင်းကား ထုတ်လွှင့်

နောက်ဆုံး ရေးသားချိန် 9 ဒီဇင်ဘာလ 2012 - 16:46 GMT

ရခိုင်ဒေသမှာ ဘင်္ဂါလီ မွတ်ဆလင်တွေကို လူမျိုးတုံးအောင် လုပ်နေတယ်လို့ အယ်လ်ဂျာဇီးရား ရုပ်မြင်သံကြားမှာ ထုတ်လွှင့်

Hidden Genocide ( ဖုံးကွယ်ထားသော လူမျိုးတုံး သတ်ဖြတ်မှု ) လို့ အမည်ပေးထားတဲ့ ရခိုင်ဒေသ ပဋိပက္ခ ဆိုင်ရာ သတင်းမှတ်တမ်း ကားတခုကို အယ်လ်ဂျာဇီးရား ရုပ်မြင်သံကြား ကနေ ဒီဇင်ဘာလ ၈ရက်က စပြီး အာရပ် ဘာသာ၊ ဒီဇင်ဘာလ ၉ရက်က စပြီး အင်္ဂလိပ် ဘာသာနဲ့ ထုတ်လွှင့် ပြသနေပါတယ်။

အဲဒီ သတင်းမှတ်တမ်းကားထဲမှာ ရခိုင်ဒေသမှာ ရိုဟင်ဂျာ ဆိုတဲ့ ဘင်္ဂါလီ မွတ်ဆလင်တွေကို လူမျိုးတုံးအောင် လုပ်မှုတွေ ရှိနေတယ်လို့ စွပ်စွဲ ဖေါ်ပြထားပါတယ်။

Genocide လူမျိုးတုံး အောင် လုပ်တယ် ဆိုရာမှာ လူအမြောက်အများကို သတ်ဖြတ်တာ တခုတည်း အကျုံးဝင်တာ မဟုတ်ပဲ အခု ရခိုင်ဒေသမှာ ဖြစ်ပျက်နေတဲ့ ဘင်္ဂါလီ မွတ်ဆလင်တွေအပေါ် လူဦးရေ ထိန်းချုပ်တာ၊ လွတ်လွတ်လပ်လပ် ခရီးသွားခွင့် မရတာ၊ ပညာရေးအရ ဖိနှိပ်တာ စတာမျိုးလို လူသားအဖြစ် ရပ်တည် ရှင်သန်နိုင်ခွင့် မရအောင် လုပ်တာမျိုးတွေကိုလည်း လူမျိုးတုံးအောင် လုပ်မှုတွေလို့ Genocide Convention အရ အဓိပ္ပါယ် ဖွင့်ဆိုနိုင်ကြောင်း ဒီသတင်း မှတ်တမ်းကားကို ရိုက်ကူးခဲ့သူ Phil Rees က ဥပဒေ ပညာရှင်တွေနဲ့ ကိုးကားပြီး ဘီဘီစီကို ပြောပါတယ်။

ဂျပန်နိုင်ငံ ကန်ဒ တက္ကသိုလ်က သမိုင်းပညာရှင် ပါမောက္ခ ဒေါက်တာ အေးချမ်းကတော့ ဒီသတင်းမှတ်တမ်းကားဟာ ဘင်္ဂါလီ မွတ်ဆလင်တွေကိုပဲ အဓိက တွေ့ဆုံ မေးမြန်းထားပြီး တခြား ရခိုင်ဒေသခံတွေကိုတော့ မေးမြန်း ထားတာမျိုးတွေ မရှိတဲ့အတွက် တဖက်သတ် စွပ်စွဲထားတဲ့ မှတ်တမ်းကားတခု ဖြစ်ပြီး အားနည်း ချွတ်ယွင်းမှုတွေ အများကြီး တွေ့ရတယ်လို့ သုံးသပ်ပါတယ်။

မြန်မာအစိုးရကလည်း ဒီသတင်း မှတ်တမ်းကားပါ စွပ်စွဲချက်တွေဟာ မဟုတ်မမှန် ပုံကြီးချဲ့ လုပ်ကြံ ပြောဆိုချက်တွေ ဖြစ်ကြောင်း ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ကြေညာချက် ထုတ်ပြန်ပြီး ပြင်းပြင်းထန်ထန် ကန့်ကွက် ပြောဆိုခဲ့ပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။