BBC navigation

ချင်းမျိုးသား တပ်ဦး အစိုးရနဲ့ သဘောတူညီမှုရ

နောက်ဆုံး ရေးသားချိန် 10 ဒီဇင်ဘာလ 2012 - 01:58 GMT

ချင်းအမျိုးသား တပ်ဦးနဲ့ အစိုးရ ရန်ကုန်မှာ ဆွေးနွေး

ရန်ကုန်မြို့ အစိုးရ ငြိမ်းချမ်းရေး စင်တာမှာ ၂ ရက်ကြာ ကျင်းပပြုလုပ်ခဲ့တဲ့ ချင်းအမျိုးသားတပ်ဦးနဲ့ အစိုးရတို့ရဲ့ ဒုတိယအကြိမ် ပြည်ထောင်စုအဆင့် တွေ့ဆုံ ဆွေးနွေးပွဲဟာ မနေ့က ပြီးဆုံးသွားပြီး နှစ်ဦးနှစ်ဖက်ကနေ သဘောတူညီချက် ၂၇ ချက် သဘောတူ လက်မှတ် ရေးထိုးနိုင်ခဲ့ပါတယ်။


ဒီဇင်ဘာလ ၈ ရက်နေ့ကနေ ၉ ရက်နေ့အထိ ကျင်းပခဲ့တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ချင်းအမျိုးသားတပ်ဦး (CNF) ကနေပြီးတော့ သူတို့ရဲ့ တပ်နယ်မြေသတ်မှတ်ရေးကိစ္စ၊ ချင်းပြည်နယ်နဲ့ သက်ဆိုင်တဲ့ အရေးကိစ္စတွေ အပါအ၀င် ပြည်ထောင်စု တိုင်းရင်းသားအားလုံးရဲ့ အရေးကိစ္စ စုစုပေါင်း ၃၁ ချက် တင်ပြ ဆွေးနွေးခဲ့တဲ့ အထဲက ၂၇ ရက်ချက်ကို သဘောတူညီမှု ရခဲ့ကြတာ ဖြစ်ပါတယ်။


သဘောတူခဲ့ကြတဲ့ အချက်တွေကတော့ ချင်းစာပေကို အစိုးရ မူလတန်းကနေ အလယ်တန်းအဆင့်ထိ တရား၀င်သင်ကြားခွင့်ရဖို့ ၊ နောက် ချင်းဖွံ့ဖြိုးရေးကိစ္စအတွက် လမ်းမကြီးတွေ၊ လေယဉ်ကွင်းတွေ တည်ဆောက်သွားဖို့၊ နောက် လူ့အခွင့်အရေးနဲ့ သသဘာ၀ ပတ်၀န်းကျင်ဆိုင်ရာအတွက် လွတ်လပ်တဲ့ချင်းလူ့အခွင့်အရေးကော်မတီ တခုဖွဲ့စည်းခွင့်ရဖို့ နဲ့ ချင်းအမျိုးသားနေ့ ၊ ချင်းပြည်နယ်နေ့တွေကို ရွေးချယ်သတ်မှတ်တာတွေအပြင် တခြားချင်းပြည်နယ်က သံယဇာတတွေကို ဘယ်အချက်တွေနဲ့ ကိုက်ညီမှ ထုတ်လုပ်သုံးစွဲခွင့်ရမယ်ဆိုတဲ့ အချက်တွေဖြစ်တယ်လို့ ဆွေးနွေးပွဲမှာ ပါ၀င်တက်ရောက်ခဲ့တဲ့ ချင်းအမျိုးသားတပ်ဦး (CNF) ရဲ့ အတွင်းရေးမှူးလဲဖြစ် ပြောခွင့်ရလဲဖြစ်တဲ့ ဦးရွှေခါးက ဘီဘီစီကို ပြောပြပါတယ်။

သဘောတူညီမရနိုင်သေးပဲ ကျန်နေတဲ့ ၄ ချက်ကတော့ စစ်တပ်ဆိုင်ရာကိစ္စတွေပဲဖြစ်ပြီး အဲဒီအချက်တွေကို နောင်တကြိမ် တွေ့ဆုံတဲ့အချိန်မှာ ဆက်လက် ဆွေးနွေးသွားဖို့ သဘောတူ ထားတယ်လို့ ဦးရွှေခါးက ပြောပါတယ်။


ချင်းအမျိုးသားတပ်ဦးနဲ့ အစိုးရတို့ဟာ ပြီးခဲ့တဲ့ဇန္နဝါရီလ ပြည်နယ်အဆင့်တွေ့ဆုံပွဲမှာ အချက် ၉ ချက်ပါ သဘောတူညီမှုနဲ့ မေလ တွေ့ဆုံပွဲမှာ အချက် ၁၅ ချက်ပါ သဘောတူညီမှုစာချုပ်တွေ ရေးထိုးခဲ့ပြီးဖြစ်ပါတယ်။

အခုလို အစိုးရနဲ့ မကြာခဏ တွေ့ဆုံညှိနှိုင်းခဲ့တဲ့ကာလတွေ အပေါ်ကို သုံးသပ်ကြည့်ရင် ချင်းအမျိုးသားတပ်ဦးအနေနဲ့ သူတို့လိုချင်တဲ့ အနေအထား၊ သွားချင်တဲ့လမ်းကြောင်းမျိုးကို တွေ့နေရတယ်လို့ ဦးရွှေခါးက သုံးသပ် ပြောဆိုပါတယ်။

ဒီဆွေးနွေးပွဲ တက်ရောက်တဲ့ ချင်းအမျိုးသားတပ်ဦး ကိုယ်စားလှယ် အဖွဲ့တို့ဟာ မနက်ဖြန်မှာတော့ ရန်ကုန်မြို့က ချင်းလူမူအဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီတွေ၊ ကျောင်းသားလူငယ်တွေနဲ့ တွေ့ဆုံသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။