BBC navigation

လူ့အခွင့် အရေး တိုးတက်အောင် လုပ်ဖို့ လိုနေသေး

နောက်ဆုံး ရေးသားချိန် 10 ဒီဇင်ဘာလ 2012 - 15:29 GMT
Protesters in Monywa on 8 Dec 2012

မိမိ ဆန္ဒကို ထုတ်ဖော် နိုင်ခွင့် ဆိုတာ လူ့အခွင့် အရေး ဖြစ်တယ်လို့ လှုပ်ရှားသူ တွေကပြော

မြန်မာ နိုင်ငံမှာ အရင် စစ်အစိုးရ လက်ထက် တုန်းက မမျှော်လင့် နိုင်တဲ့ တိုးတက်မှုမျိုး ရှိလာပြီလို့ ပြောနိုင်ပေမဲ့ လူ့အခွင့် အရေး တိုးတက် လာဖို့ လုပ်စရာတွေ အများကြီး ရှိသေး တယ်လို့ လူ့အခွင့် အရေး လှုပ်ရှား သူတွေ က ထောက်ပြ ခဲ့ကြ ပါတယ်။

HRDP လူ့အခွင့် အရေး ကာကွယ် မြှင့်တင် သူများ ကွန်ယက်က ဦးဆောင်ပြီး ကယား ပြည်နယ် လွိုင် ကော် မြို့နားမှာ ရှိတဲ့ ကရင်နီ လူမျိုး ပေါင်းစုံ လွတ်မြောက်ရေး တပ်ဦး အဖွဲ့ ကလလတ စခန်း ရှိရာ ပန်ကန်း ကျေးရွာမှာ နိုင်ငံ တကာ လူ့အခွင့် အရေးနေ့ အခမ်း အနား ကျင်းပ ခဲ့ပါတယ်။

တိုင်းရင်းသား ဒေသ တွေမှာ လူ့အခွင့် အရေး ချိုးဖောက်မှု ပိုများတဲ့ အတွက် တိုင်းရင်းသား ဒေသတစ်ခုကို ရွေးဖို့ စဉ်းစားတာ ဖြစ်ပြီး ဒေသခံတွေ ကလည်း သူတို့ ဒေသမှာ လုပ်ချင်တဲ့ အတွက် လွိုင်ကော်ကို ရွေးခဲ့တာလို့ HRDP အဖွဲ့ဝင် တစ်ဦး ဖြစ်တဲ့ ကိုအောင်ဇော်ဦးက ပြောပါတယ်။

ဒီဒေသက တိုင်းရင်းသား တွေဟာ ပြည်တွင်း စစ်တွေ ကြားမှာ နှစ်ပေါင်း ၄၀ နဲ့ ၅၀ ကြားလောက် နေခဲ့ကြရ တာကြောင့် ပညာရေး၊ ကျန်းမာရေး၊ အသိပညာ နည်းပါးမှု တို့က လူ့အခွင့် အရေးဆိုင်ရာ အသိတရား နည်းပါးစေပြီး ဖွံ့ဖြိုးတိုးတက်မှုတွေလည်း နှောင့်နှေး စေတယ်လို့ သူက ပြောပါတယ်။

အဲဒီ အခမ်း အနားကို ကလလတအပြင်၊ ကရင်နီ တိုင်းရင်းသားများ တိုးတက်ရေး ပါတီ ကေအန် ပီပီ၊ ကယန်း ပြည်သစ် ပါတီနဲ့ ကရင်နီ လူငယ် စုစုပေါင်း ၃၀၀ ကျော် တက်ရောက် ခဲ့တယ်လို့ ကိုအောင်ဇော်ဦးက ပြောပါတယ်။

ဒါ့အပြင် ၂၀၀၈ ခုနှစ်တုန်းက ဗုံးဖောက်ခွဲမှုနဲ့ စွပ်စွဲ ဖမ်းဆီးပြီး မကြာသေးခင် ကမှ လွတ်ငြိမ်း ချမ်းသာခွင့်နဲ့ ပြန်လွတ် လာတဲ့ HRDP အဖွဲ့ ခေါင်းဆောင် ဦးမြင့်အေးလည်း တက်ရောက်ခဲ့ပါတယ်။

အလားတူ လူ့အခွင့် အရေးနေ့ အထိမ်းအမှတ်ကို ဟင်္သာတနဲ့ ပုသိမ်မြို့တို့ မှာလည်း ကျင်းပခဲ့ ပါတယ်။

ပုသိမ်မြို့ မှာတော့ အမျိုးသား ဒီမိုကရေစီ ကွန်ယက် ဆိုတဲ့ လူ့အခွင့် အရေး အဖွဲ့က ဦးဆောင် ကျင်းပခဲ့ပြီး ရန်ကုန်မြို့က အလုပ်သမား၊ လယ်သမား အခွင့်အရေး အတွက် လှုပ်ရှားတဲ့ ရှေ့ နေ သုံးဦးလည်း လာရောက် ဟောပြော ခဲ့ကြ ပါတယ်။

အမျိုးသား ဒီမိုကရေစီ ကွန်ယက် အဖွဲ့ ခေါင်းဆောင် တဦး ဖြစ်တဲ့ ဒေါက်တာ သန်းထိုက်က လူ့အခွင့် အရေး ကြေညာ စာတမ်းမှာ ပါတဲ့ အချက် သုံးဆယ်ကို လူတွေသိပ် မသိကြ သေးတဲ့ အတွက် အခမ်း အနားမှာ စာအုပ်တွေ ဝေငှ ခဲ့တယ်လို့ ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။