BBC navigation

လူ့အခွင့်အရေးနေ့ ဒေါ်စုမိန့်ခွန်းပေး

နောက်ဆုံး ရေးသားချိန် 10 ဒီဇင်ဘာလ 2012 - 17:11 GMT
assk

လူ့သိက္ခာ အတွက် အပြန်အလှန် ပြောဆိုခွင့် ရှိဖို့လို

အပြည်ပြည် ဆိုင်ရာ လူ့ အခွင့် အရေးနေ့ အထိမ်း အမှတ် ရန်ကုန်မြို့ အင်းလျားကန် ဟိုတယ်မှာ ကုလ သမဂ္ဂ ကျင်းပတဲ့ အခမ်းအနားကို သမ္မတရုံး ဝန်ကြီး ဦးအောင်မင်းနဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ တက်ရောက် ခဲ့ကြ ပါတယ်။

အများနဲ့ သက်ဆိုင်တဲ့ အလုပ်တွေမှာ အားလုံး ပူးပေါင်း ပါဝင်ခွင့် ဆိုတဲ့ ခေါင်းစဉ် နဲ့ ကျင်းပတဲ့ ဒီနှစ်ပွဲ မှာ ဒေါ်အောင်ဆန်းစုကြည်က လူ့ဂုဏ် သိက္ခာအတွက် အပြန်အလှန် ပြောဆိုခွင့်တွေ ရှိဖို့လိုတယ်၊ တဖက်က ပြောတာကို နားထောင်ဖို့ အရေးကြီးတယ် ဆိုတာ အဓိက ပြောသွားခဲ့ ပါတယ်။

လူ့အခွင့်အရေးကို လေးစား လိုက်နာ တယ်ဆိုတာ ကိုယ့်အမြင် အယူအဆကို ပြောရုံနဲ့ မပြီးဘဲ တခြားလူတွေရဲ့ အမြင်ကိုလည်း နားထောင်ဖို့ လိုကြောင်း၊ အဲဒီလို နားထောင်တာ၊ သူများ အမြင်ကို နားလည်အောင် ကြိုးစားတာ၊ အလေးထား တာတွေ မရှိလျှင် လူ့အခွင့်အရေးကို ခိုင်ခိုင်မာမာ တည်ဆောက်လို့ မရနိုင်ဘူးလို့ ဒေါ်အောင် ဆန်းစုကြည်က ပြောသွားတာပါ။

လူသိများ ထင်ရှားသူ မဟုတ်တဲ့ သာမန် လူတွေရဲ့အမြင်ကိုလည်း လူအများ သိအောင် ပြောနိုင်ဖို့ လိုကြောင်းနဲ့ အဲဒီလို ဖြစ်လာဖို့ ပညာရေး အရေးကြီးတယ်လို့ သူက ဆိုပါတယ်။

သမ္မတရုံး ဝန်ကြီး ဦးအောင်မင်း ကတော့ တချိန်က နိုင်ငံတကာက လက်ညိုးထိုး အပြစ်တင် ခဲ့တဲ့ မူဝါဒတွေကို သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက်မှာ ပြုပြင် ပြောင်းလဲ နေပုံကို ခြုံငုံ ပြော သွားခဲ့ပါတယ်။

၂ဝ၁၁ ခုနှစ် မတ်လက စပြီး ဦးသိန်းစိန် အစိုးရ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးတာ၊ လူအများကို နိုင်ငံရေး ဖြစ်စဉ်ထဲမှာ ပါ၀င် နိုင်အောင် ဆောင်ရွက် ပေးတာ အပြင် သတင်းမီဒီယာ လွတ်လပ်ခွင့် အတွက်လည်း ဆောင်ရွက် ပေးခဲ့ကြောင်း ဦးအောင်မင်းက ပြောပါတယ်။

ဒါ့အပြင် ကချင်ဒေသမှာ ပဋိပက္ခတွေ ပြန်စခဲ့ တာကြောင့် ၁၇ နှစ်လုံးလုံး တည်ဆောက် ခဲ့ကြတဲ့ နှစ်ဘက် ယုံကြည်မှု ပျက်ပြားသွား ခဲ့ရတာကို ပြောရင်း နိုင်ငံ တည်ဆောက်ရေး အတွက် လွတ်လပ် ပွင့်လင်းစွာ ပြောဆို ဆွေးနွေးခွင့် ရှိရမယ်လို့လဲ ဦးအောင်မင်းက ဆိုပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။