BBC navigation

မော်ချီး သတ္တုတွင်း ပတ်ဝန်းကျင် ထိခိုက်

နောက်ဆုံး ရေးသားချိန် 12 ဒီဇင်ဘာလ 2012 - 01:41 GMT
tin mine

သတ္တုတွင်း တူးလို့ မတော်တဆတွေ ဖြစ်

ကရင်နီ တောင်ပိုင်း ဖာဆောင်း မြို့နယ် မော်ချီး ခဲမဖြူ သတ္တုတွင်း တွေကို သတ္တုတွင်း ၀န်ကြီးဌာနက ထပ်ပြီး တိုးချဲ့မှာကို ဒေသခံတွေ မလိုလားဘူးလို့ သိရပါတယ်။

ဒီသတ္တုတွင်း တူးဖော်မှု တွေကြောင့် မတော်တဆမှု တွေ ဖြစ်ခဲ့ပြီး ဒေသခံ တွေက သူတို့ကို ပစ်ပယ်ထား တယ်လို့လဲ ပြောပါတယ်။

ဒီသတ္တုတွင်း လုပ်ငန်းတွေကြောင့် ဒေသတွင်း အကျိုးရှိဖို့နဲ့ ဒေသခံတွေ သဘောထား ဆန္ဒကို နားထောင်ဖို့ လိုတယ်လို့ သတ္တုတွင်း စောင့်ကြည့် လေ့လာတဲ့ မိုလို အမျိုးသမီးများ အဖွဲ့က ဒီဇင်ဘာလ ၁၁ ရက်နေ့မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြား ခဲ့ပါတယ်။

ဒေသတွင်း ခဲမဖြူ သတ္တု တူးဖော်ရေး တွေကြောင့် ကျန်းမာရေး ပြဿနာတွေ၊ မြေပြိုမှု ပြဿနာတွေနဲ့ ကြုံ နေရပြီး တချို့ရွာတွေ ဆိုရင် မြေအောက်ထဲ ကျွံကျသွားမယ့် အခြေအနေထိ ဖြစ်နေတယ် လို့ မိုလိုအမျိုးသမီးများ အဖွဲ့က ပြောပါတယ်။

မော်ချီးဒေသက ဧက ( ၃ဝဝဝ) ကျယ်၀န်းတဲ့ သတ္တုကျင်း လုပ်ငန်းတွေကြောင့် အနီး တဝိုက်က အောက်ရွာ၊ ရေလမ်း၊ လိုခါးလို၊ ၁၃ ကုန်း ရွာ ၉ ရွာ အောက်မှာ လိုဏ်ခေါင်းပုံ လိုဖြစ်လာပြီး မိုင်းခွဲချိန်မှာ အိမ်တွေ တုန်ခါတာ၊ အိမ်ပြိုကျတာတွေ ဖြစ်တယ်။ ဒါကြောင့် ဒေသခံတွေ အသက်နဲ့ ရင်းပြီး နေရတယ်လို့ မိုလို ကွန်ယက် ပြောရေး ဆိုခွင့်ရှိသူ နော်အားမူက ပြောပါတယ်။

သတ္တုတွင်းက ထွက်ရှိတဲ့ စွန့်ပစ် ပစ္စည်းတွေကို ဒေသခံတွေ အားထားတဲ့ ချောင်းမြောင်း တွေမှာ စွန့်ပစ်လို့ ဒေသခံတွေ အဆုတ်ရောဂါ၊ ကျီးပေါင်း ရောဂါတွေ ဖြစ်လာပြီး သေဆုံးတာတွေ ရှိတယ် လို့ သိရပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။