BBC navigation

လက်ပံတောင်းကိစ္စ သံဃာတော်တွေ ဆန္ဒဖော်ထုတ်ကြ

နောက်ဆုံး ရေးသားချိန် 12 ဒီဇင်ဘာလ 2012 - 18:23 GMT
monks_protests121212

ရန်ကုန်မြို့က သံဃာတော်တွေရဲ့ ဆန္ဒဖော်ထုတ်ပွဲ

လက်ပံတောင်း တောင်က သပိတ်စခန်း တွေကို အကြမ်းဖက် ဖြိုခွဲခဲ့ တာကို နိုင်ငံတော် အဆင့် ကနေ မတောင်းပန် သေးလို့ ကန့်ကွက်တဲ့ အနေနဲ့ ရန်ကုန်၊ မန္တလေး မြို့ကြီးတွေ အပါ အဝင် ပခုက္ကူ၊ မုံရွာ၊ ချောက်နဲ့ ပြည်မြို့ တွေမှာ သံဃာတော်တွေ မေတ္တာပို့ ကြွချီ ခဲ့ကြပါတယ်။

လက်ပံတောင်းတောင်နဲ့ မျက်နှာချင်းဆိုင် ချင်းတွင်းမြစ် တဖက်ကမ်းမှာ ရှိတဲ့ မုံရွာ မြို့မှာ သံဃာတော် ၅၀၀ ကျော် စီတန်းပြီး မေတ္တာပို့ ကြွချီ ခဲ့ကြပါတယ်။

သံဃာတော် တွေဟာ မွန်းတည့် ၁၂ နာရီ ထိုးပြီးတာနဲ့ ရွှေစည်းခုံ ဘုရား ကနေစပြီး တောင်းဆိုချက် တွေကိုကိုင်ဆောင်ပြီး မုံရွာ မြို့တွင်းကို စီတန်း လှည့်လည် မေတ္တာပို့ ခဲ့ကြတာ ဖြစ်ပါတယ်။

၂၀၀၇ ခုနှစ် ရွှေဝါရောင် သံဃာ့ လှုပ်ရှားမှုကြီး မြစ်ဖျားခံ ခဲ့တဲ့ မြို့ဖြစ်တဲ့ ပခုက္ကူ မြို့မှာလည်း သံဃာတော် ၁၀၀၀ ကျော်ဟာ မြို့လယ် အတိုင်း စီတန်း ကြွချီပြီး မေတ္တာပို့ ခဲ့ကြပါတယ်။ သီဟိုဠ်ရှင် ဘုရားကြီးမှာ ဝတ်ပြု ဆုတောင်းပြီး တောင်းဆိုချက် ၆ ချက်ကို ထုတ်ပြန် ခဲ့ကြပါတယ်။

၁၂ရက် ၁၂လ ကျရောက်တဲ့ နေ့မှာ နိုင်ငံတဝန်း ဆန္ဒထုတ်ဖော် ကြဖို့ လှုံ့ဆော် ခဲ့တဲ့ မန္တလေး မြို့မှာလည်း ထောင်ချီတဲ့ သံဃာတော် တွေနဲ့ ဗကသ ကျောင်းသားတွေဟာ မြို့တွင်းကို လှည့်လည် ဆန္ဒဖော်ထုတ် ခဲ့ကြပါတယ်။

အလားတူ ကန့်ကွက် ရှုံ့ချ ပွဲတွေကို ပဲခူးတိုင်း ပြည်မြို့မှာလည်း သံဃာတော် ၃၀၀ ဝန်းကျင်က ဆန္ဒဖော်ထုတ် ကန့်ကွက် ကြသလို ဧရာဝတီတိုင်း ပုသိမ်မြို့မှာလည်း ဆန္ဒဖော်ထုတ် ခဲ့ကြပါတယ်။

တခါ ရခိုင်ပြည်နယ် စစ်တွေ မြို့မှာလည်း လက်ပံတောင်း တောင်မှာ အကြမ်းဖက် ဖြိုခွင်း ခံခဲ့ရတဲ့ သံဃာတော်တွေ၊ ပြည်သူတွေနဲ့ ရခိုင်ပြည်နယ် အတွင်းက ရဟန်းတော်တွေ ထပ်တူ ရှိနေတယ် ဆိုတာ ဖော်ပြလိုတဲ့ သံဃာတော် ၆၀ ဟာ စစ်တွေ ဘုရားကြီးမှာ ထိုင်သပိတ် လုပ်ပြီး တောင်းဆိုချက်တွေကို တောင်းဆို ခဲ့ကြပါတယ်။

စစ်ကိုင်းတိုင်း ကလေးမြို့မှာတော့ သံဃာတော် ၁၀၀ လောက်က ရွှေဘုံသာ စေတီ ရင်ပြင်တော်မှာ ထိုင်သပိတ် လုပ်ခဲ့သလို၊ မကွေးတိုင်းက ချောက်မြို့မှာတော့ သံဃာတော် ၃၀ ကျော်ဟာလည်း ဘိုးဘွား ရိပ်သာ နားက နှစ်ကျိတ် ရှစ်ဆူ စေတီမှာ ထိုင်သပိတ်တွေ လုပ်ရင်း မေတ္တာပို့ခဲ့ ကြပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။