BBC navigation

မြန်မာနိုင်ငံက ဘိန်းထုတ်မှု အများဆုံး ဖြစ်နေဆဲ

နောက်ဆုံး ရေးသားချိန် 12 ဒီဇင်ဘာလ 2012 - 15:57 GMT
Poppy Field

မြန်မာ နိုင်ငံမှာ မနှစ်ကထက် ဘိန်းစိုက်ဧရိယာ ၁၇ ရာနှုန်း တိုးလာ

မြန်မာ နိုင်ငံဟာ အရှေ့တောင် အာရှမှာ မူးယစ် ဆေးဝါး ထုတ်လုပ်မှု အများဆုံး နိုင်ငံ ဖြစ်နေ တုန်းပဲလို့ UNODC ကုလသမဂ္ဂ မူးယစ် ဆေးဝါးနဲ့ ရာဇဝတ်မှု တိုက်ဖျက်ရေး အဖွဲ့က အစီရင်ခံစာ ထုတ်ပြန်ခဲ့ ပါတယ်။

မြန်မာ နိုင်ငံဟာ မက်တာအမ်ဖီ တမင်း လို့ခေါ်တဲ့ ရူးသွပ် ဆေးပြား အများဆုံး ထုတ်လုပ်တဲ့ နိုင်ငံဖြစ်တဲ့ အပြင် ဘိန်း စိုက်ပျိုးမှု ဟာလည်း လွန်ခဲ့ ခြောက်နှစ်က စပြီး ဆက်တိုက် ဆက်လက် မြင့်တက် နေတယ်လို့ UNODC ဒီဇင်ဘာလ ၁၂ ရက် နေ့စွဲနဲ့ အစီရင် ခံစာ ထုတ်ပြန်ပြီး ဘန်ကောက် နိုင်ငံခြား သတင်းထောက် ရုံးမှာ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ ပါတယ်။

အာဆီယံ နိုင်ငံ အပါ အဝင် ဂျပန်၊ အိန္ဒိယ၊ တရုတ်၊ သြစတြေးလျနဲ့ နယူးဇီလန် စတဲ့ နိုင်ငံပေါင်း ၁၅ နိုင်ငံမှာ မက်တာအမ်ဖီ တမင်း သုံးစွဲမှုဟာ လွန်ခဲ့တဲ့ ငါး နှစ်ကထက် ငါး ဆ ပိုတိုး လာတယ်လို့ ကုလ သမဂ္ဂက ပြော ပါတယ်။

အရင်က တော့ မြန်မာ နိုင်ငံမှာ လက်နက်ကိုင် ပဋိ ပက္ခတွေကြောင့် မူးယစ်ဆေး ထုတ်လုပ်မှုတွေ တိုးခဲ့တာလို့ ကုလသမဂ္ဂက ပြောခဲ့ ပါတယ်။

ဒါပေမဲ့ အခု ချိန်မှာ လက်နက်ကိုင် အဖွဲ့ ၁၁ ဖွဲ့နဲ့ မြန်မာ အစိုးရကြား ငြိမ်းချမ်းရေး သဘော တူညီချက်တွေ ရထားခဲ့တဲ့ ကြားက မူးယစ် ဆေးဝါး ထုတ်လုပ်မှု များနေရ တာက အမ်ဖီ တမင်း ဆေးပြားတွေ ထုတ်လုပ် ဖို့ရာ စက်ရုံတွေ ရှိဖို့ မလိုသလို ဘာမှ စိုက်ပျိုး စရာလည်း မလို ဘူးလို့ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှု တိုက်ဖျက်ရေး အဖွဲ့ အာရှ ပစိဖိတ် ဒေသဆိုင်ရာ အကြီးအကဲ ဂယ်ရီ လူးဝစ် Gary Lewis က ပြောပါတယ်။

ဒါ့အပြင် အခြေ အနေတွေက မသေချာ မရေရာ သေးဘဲ အစိုးရနဲ့ လက်နက်ကိုင် အဖွဲ့တွေ ကြားမှာ အချင်းချင်း ယုံကြည်မှု မရှိတာ တွေကြောင့်လည်း မူးယစ်ဆေး ထုတ်လုပ်မှုတွေ တိုးခဲ့တာလို့ သူက ပြောပါတယ်။

ဘိန်းစိုက်ပျိုးမှု ဧရိယာ ဟာ မနှစ်ကထက် ၁၇ ရာခိုင်နှုန်း ပိုများလာပြီး ဘိန်းခင်း ဧကပေါင်း ငါးသောင်း တစ်ထောင် ဟက်တာ ရှိနေရတဲ့ အကြောင်းက ဘိန်းတောင်သူတွေ အတွက် တခြား ၀င်ငွေ ရလမ်း မရှိလို့ ဖြစ်ရတာလို့ ဂယ်ရီ လူးဝစ်က ထောက်ပြ ပါတယ်။

အဓိက အားဖြင့် မူးယစ် ဆေးဝါး ထုတ်လုပ်မှု တိုက်ဖျက် နိုင်ရေးမှာ ရန်ပုံငွေ နည်းပါးလွန်း နေတယ်၊ လေးနှစ်စာ စီမံကိန်း အသေးစား လေးတွေ အတွက် ဒေါ်လာ ၇ သန်း သာ ရှိတာ ဟာလည်း မလုံလောက်ဘူးလို့ သူက ဆို ပါတယ်။ နိုင်ငံ တကာက ပုဂ္ဂိုလ် တွေနဲ့ တွေ့တဲ့ အခါ မြန်မာ နိုင်ငံကို ကူညီနိုင်မယ့် နည်းလမ်းတွေကို စဉ်းစားဖို့ တိုက်တွန်း ခဲ့တယ်လို့ လည်း ပြောပါတယ်။

မြန်မာ အစိုးရ အနေနဲ့တော့ ဘိန်းစိုက်ခင်း လေးပုံ တစ်ပုံကို လျှော့ချ နိုင်ခဲ့တယ်လို့ ဂယ်ရီ လူးဝစ်က ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။