BBC navigation

အစိုးရကနေ တောင်းပန်ဖို့ ရွှေညဝါပန်ကြား

နောက်ဆုံး ရေးသားချိန် 14 ဒီဇင်ဘာလ 2012 - 01:20 GMT
Shwe Nya Wah

ရွှေညဝါ ဆရာတော်ကို ဘန်ကောက်မှာ တွေ့ရစဉ်

လက်ပံတောင်း သပိတ် ဖြိုခွဲခံရမှုအတွင်း ဒဏ်ရာရ သံဃာတော်တွေကို အစိုးရဘက်က ဝန်ချ တောင်းပန်ဖို့ လိုကြောင်း ရွှေညဝါ ဆရာတော်က ပြောပါတယ်။

အစိုးရဘက်က မြင်သာ ထင်သာရှိတဲ့ တောင်းပန်မှု လုပ်ပေးဖို့ သံဃာတော်တွေ တောင်းဆိုတာဟာ တရားမျှတကြောင်း ဆရာတော်က မိန့်ပါတယ်။

ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ သံဃာတော်တွေကို ဒီလို ခဏခဏ စော်ကားခွင့် ပေးမယ်ဆိုရင် နောက်ထပ်လည်း ထပ်မံ စော်ကားခံရနိုင်ဖွယ် ရှိကြောင်း ရွှေညဝါ ဆရာတော်က ပြောပါတယ်။

လက်ပံတောင်းဖြိုခွဲမှုအတွင်း ၁၀၀ ကျော်လောက် ဒဏ်ရာရခဲ့ရာမှာ အများစုက သံဃာတော်တွေ ဖြစ်ပြီး အဲဒီထဲက ဒဏ်ရာ အပြင်းထန်ဆုံး ရတဲ့ ဆရာတော် ဦးတိက္ခဉာဏကတော့ ထိုင်းနိုင်ငံ ဘန်ကောက်ဆေးရုံကို ကြာသပတေးနေ့တုန်းက ရောက်ရှိပြီး ကုသမှု ခံယူနေပါတယ်။ ရွှေညဝါ ဆရာတော်လည်း ဘန်ကောက်ကို ရောက်နေပြီး တတ်နိုင်ဘက်က အကူအညီပေးမယ်လို့ ပြောပါတယ်။

မကြာခင်က သာသနာရေးဝန်ကြီးက သံဃာ့မဟာနာယက ဆရာတော်ကြီးတွေကို တောင်းပန်တာဟာ အနာတခြား ဆေးတခြား ပုံစံ ဖြစ်နေတယ်လို့လည်း ဆရာတော်က မိန့်ကြားပါတယ်။

ဖမ်းဆီးမှုတွေရှိ

လက်ပံတောင်း ကိစ္စနဲ့ပတ်သက်ပြီး နိုင်ငံတော် အဆင့် က တောင်းပန် ဖို့နဲ့ တာဝန်ရှိသူ တွေကို အမြန်ဆုံး အရေးယူဖို့ တောင်းဆို ဆန္ဒ ပြမှုတွေ မုံရွာ၊ ရန်ကုန်၊ မန္တလေးနဲ့ မော်လမြိုင် အပါအဝင် မြို့တချို့မှာ ကြာသပတေးနေ့တုန်းက ဒုတိယနေ့အဖြစ် ဆက်လက် ဖြစ်ပွားခဲ့ပါတယ်။ အာဏာပိုင်တွေကလည်း ကြိုတင် ခွင့်မတောင်းပဲ ဆန္ဒပြခဲ့တဲ့အပေါ် အရေးယူမယ်လို့ ပြောသလို တကယ်လည်း ဖမ်းဆီးမှု တချို့ ရှိခဲ့တယ်လို့ သိရပါတယ်။

အဖမ်းခံရတဲ့အထဲမှာ ကုန်စျေးနှုန်းကျဆင်းရေး အဖွဲ့ အထက်မြန်မာပြည် တာဝန်ခံ ကိုသိန်းအောင်မြင့် လည်း ပါဝင်ကြောင်း ဒီအဖွဲ့ရဲ့ ခေါင်းဆောင် ကိုထင်ကျော်က ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။