BBC navigation

ဂျေဆင် မရပ်ဇ် မြန်မာနိုင်ငံမှာ ဖျော်ဖြေမယ်

နောက်ဆုံး ရေးသားချိန် 15 ဒီဇင်ဘာလ 2012 - 01:01 GMT
Jason Mraz

မကြာခင်နှစ်ပိုင်းကပဲ ဂရမ်မီ ၂ ဆု ဆွတ်ခူးထားတဲ့ Jason Mraz

ဒီဇင်ဘာ ၁၆ ရက်၊ တနင်္ဂနွေနေ့ ညနေခင်းမှာ ရန်ကုန်မြို့ ရွှေတိဂုံ ဘုရားခြေရင်းက ပြည်သူ့ ရင်ပြင်မှာ ဂရမ်မီဆုရ ကမ္ဘာကျော် အဆိုတော် Jason Mraz ဖျော်ဖြေဖို့ ရှိပါတယ်။

နိုင်ငံတကာ ဂီတရုပ်မြင်သံကြားလိုင်းဖြစ်တဲ့ MTV ရဲ့ MTV Exit အစီအစဉ်ကနေ လူကုန်ကူးမှု တိုက်ဖျက်ရေး ပညာပေးဖို့ ရည်ရွယ်တဲ့ ဂီတပွဲတော်လည်း ဖြစ်ပါတယ်။ မြန်မာအနုပညာရှင်တွေကလည်း ပူးတွဲ တင်ဆက်မှာ ဖြစ်ပါတယ်။

Jason Mraz ဟာ မြန်မာနိုင်ငံမှာ နှစ်ပေါင်းများစွာအတွင်း လူအမြောက်အများကို ကွင်းပြင်ကျယ်မှာ ပထမဆုံး ဖျော်ဖြေမယ့် ကမ္ဘာကျော် အဆိုတော်လည်း ဖြစ်ပါတယ်။

ဒီပွဲနဲ့ပတ်သက်ပြီး သူ့အနေနဲ့ အရမ်း စိတ်လှုပ်ရှားမိကြောင်း၊ သူ့ရဲ့ ဂီတကို သူ့အိမ်နဲ့ မိုင်ထောင်ချီ ဝေးတဲ့ ကမ္ဘာ့တဘက်ခြမ်း နေရာမှာ သွားပြီး ဖျော်ဖြေရမှာလည်း ဖြစ်လို့ ပျော်ရွှင်မိကြောင်း Jason Mraz က ဘီဘီစီ မြန်မာပိုင်းနဲ့ မေးမြန်းခန်းမှာ ပြောခဲ့ပါတယ်။

ကမ္ဘာပေါ်မှာ လူ ၂၇ သန်းလောက် လူကုန်ကူးခံရပြီးနောက် ခိုင်းစားခံနေသလို မြန်မာနိုင်ငံမှာလည်း လူကုန်ကူးမှု အန္တရာယ်က ရှိနေပါတယ်။

မြန်မာနိုင်ငံ တခါး စဖွင့်လာတဲ့အခါမှာ မြန်မာနိုင်ငံအကြောင်း အချက် အလက်တွေလည်း ပိုသိလာကြသလို လူကုန်ကူးခံရမှု ပပျောက်ရေး ဆောင်ရွက်နေကြရာမှာလည်း သူ့အနေနဲ့ အခုလို ဂီတပွဲကတဆင့် လူတွေ ပိုသိအောင် လုပ်ပေးနိုင်မယ်လို့ မျှော်လင့်ကြောင်း Jason Mraz က ပြောပါတယ်။

သူ့အနေနဲ့ မြန်မာနိုင်ငံမှာ ၄၅ မိနစ်လောက် ဖျော်ဖြေခွင့် ရမှာ ဖြစ်ပြီး သီချင်း ၁၀ ပုဒ်လောက် သီဆိုဖြစ်မယ်လို့ ထင်တဲ့အကြောင်းလည်း Jason Mraz က ဘီဘီစီကို ပြောပါတယ်။

သူ့ရဲ့ သီချင်းတွေထဲမှာ I won't give up, I'm yours, Lucky, Make it mine စတဲ့ သီချင်းတွေက ထင်ရှားပါတယ်။

ဒီအကြောင်း သတင်း နားဆင်ရန်

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။