BBC navigation

လက်ပံတောင်း စီမံကိန်း ဆက်ဆန္ဒပြနေ

နောက်ဆုံး ရေးသားချိန် 17 ဒီဇင်ဘာလ 2012 - 17:25 GMT
copper

ကုမ္ပဏီ စီမံကိန်းတွေ ဆက်လုပ်တာကို မကျေနပ်လို့ ဆန္ဒပြ

လက်ပံတောင်းတောင် သပိတ်စခန်းတွေ အကြမ်းဖက် ဖြိုခွဲ ခံရပြီးနောက် စုံစမ်းစစ်ဆေးရေး ကော်မရှင် ပေါ်လာပြီး မန္တလေးမှာ သံဃာထုကို သမ္မတရုံး ၀န်ကြီး ဦးလှထွန်းနဲ့ အဖွဲ့ တောင်းပန်ပြီးနောက် လက်ပံတောင်း စီမံကိန်း ရပ်ဆိုင်းဖို့ ဆန္ဒပြနေသူတွေ ကြား ဒွိဟ ဖြစ်နေကြတယ်လို့ သိရပါတယ်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း သပိတ်စခန်းတွေ အဖြိုခွဲမခံရခင်က တညီတညွတ်တည်း သပိတ်စခန်းတွေဖွင့် ဆန္ဒပြ လာခဲ့တဲ့ ကြေးနီ စီမံကိန်း ဧရိယာက ရွာတွေမှာ ခုဆိုရင် စုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့ အစီရင်ခံစာ ထွက်အောင် စောင့်ကြည့်ချင်သူတွေ ရှိသလို ၀မ်ပေါင်နဲ့ ဦးပိုင် ကုမ္ပဏီဘက်က စီမံကိန်း လုပ်ငန်းတွေ ဆက်လုပ်နေတာကို မကျေနပ်တဲ့ ရွာသားတွေကတော့ ဆန္ဒဆက်ပြနေကြဆဲဖြစ်ပါတယ်။

အခုဆိုရင် ဒေသခံ တရာကျော်နဲ့ ရွာနီးချုပ်စပ်က သံဃာတော် ၁၀ပါးကျော် ဆားလင်းကြီးမုံရွာ ကားလမ်းဘေးက တုံရွာထိပ်မှာ သပိတ်စခန်း ဖွင့်ပြီး နေ့ညမပြတ် ထိုင်သပိတ် ဆင်နွှဲနေကြပါတယ်။

သူတို့ သပိတ်စခန်းဟာ ခွင့်ပြုချက် မတောင်းဘဲ ဆန္ဒပြနေတာကြောင့် တရားမဝင်လို့ ဖျက်သိမ်းဖို့ ဆားလင်းကြီး အုပ်ချုပ်ရေးမှူးက လာတားပေမယ့် စီမံကိန်း မရပ်မချင်း ဆက်ပြီး ဆန္ဒပြနေမယ်လို့ သပိတ်စခန်းက ဆရာတော် ဦးစန္ဒသီရိက မိန့်ပါတယ်။

ခုလို ဆန္ဒပြသူတွေက ပြနေပေမယ့် အရင်က ဆန္ဒပြဦးဆောင်ခဲ့တဲ့ ခေါင်းဆောင် တချို့ကတော့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့ တွေ့ရှိချက် အဖြေကို စောင့်ကြည့်ချင်တဲ့ ဆန္ဒ ရှိနေကြတယ်လို့ ဝက်မှေးကျောင်းက ဦးဝိစိတ္တဓမ္မက မိန့်ပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။