BBC navigation

ABSDF ကိုယ်စားလှယ် အဖွဲ့ ရန်ကုန်ကို ထွက်ခွာ

နောက်ဆုံး ရေးသားချိန် 18 ဒီဇင်ဘာလ 2012 - 16:07 GMT

အဖွဲ့ဝင် ၉ ဦး ပါတဲ့ ABSDF ကိုယ်စားလှယ် အဖွဲ့ကို၊ ဥက္ကဌ ကိုသံခဲက ဦးဆောင်မှာ ဖြစ်တယ်

မြန်မာ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး ABSDF ဥက္ကဌ ဦးဆောင်တဲ့ ကိုယ်စားလှယ် အဖွဲ့ဟာ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ထိုင်းနိုင်ငံ နယ်စပ် မဲဆောက်မြို့ ကနေ ရန်ကုန်မြို့ ကို ထွက်ခွာ သွားပြီ ဖြစ်ပါတယ်။

အဖွဲ့ဝင် ၉ ဦး ပါတဲ့ ABSDF ကိုယ်စားလှယ် အဖွဲ့ကို၊ ဥက္ကဌ ကိုသံခဲက ဦးဆောင်မှာ ဖြစ်ပြီး၊ မြန်မာ နိုင်ငံ မှာ သီတင်းပတ် နှစ်ပတ် ကြာမြင့်မှာ ဖြစ်ပါတယ်။

ခရီးစဉ် အတွင်း နေပြည်တော်မှာ အစိုးရ တာဝန် ရှိသူ တွေနဲ့ တွေ့ဆုံမှာ ဖြစ်သလို၊ ရန်ကုန်မှာလည်း တခြား နိုင်ငံရေး အင်အား စုတွေ၊ အဖွဲ့ အစည်းတွေ၊ လူပုဂ္ဂိုလ် တွေနဲ့ တွေ့ဆုံဖို့ ရှိတယ်လို့ ABSDF ဒုဥက္ကဌ ကိုမျိုးဝင်းက ပြောပါတယ်။

ဒီကိုယ်စားလှယ် အဖွဲ့ဟာ လက်ရှိ ကချင် ပြည်နယ်မှာ ဖြစ်ပွား နေတဲ့ တိုက်ပွဲတွေ အတွက် ဆွေးနွေး ရအောင် ကတိုက် ကရိုက် သွားတာ မျိုး မဟုတ်ဘဲ၊ ဝန်ကြီး ဦးအောင်မင်းနဲ့ အရင်က သဘောတူ စီစဉ် ထားတဲ့ အတိုင်း သွားရောက်တာ ဖြစ်ပါတယ်။

ABSDF အဖွဲ့ဟာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အတွက် အခုလို မြန်မာ နိုင်ငံကို သွားမယ့် အချိန်မှာပဲ၊ ကချင် ပြည်နယ် ထဲက ABSDF စခန်း တည်ရှိရာကို အစိုးရ တပ်တွေက ထိုးစစ်ဆင် တိုက်ခိုက် နေပါတယ်။

ဒါနဲ့ ပတ်သက်ပြီးလည်း ကိုမျိုးဝင်းက ရှင်းပြရာမှာ သူတို့ အခြေခံ ဒေသတွေကို ထိုးစစ် ဆင်လာ ရင်တော့ ကျောင်းသား တပ်မတော်ဟာ သက်ဆိုင်ရာ မဟာမိတ် အဖွဲ့ အစည်း တွေနဲ့ ပူးတွဲ ကာကွယ်ဖို့ တာဝန် ရှိကြောင်း ဘီဘီစီကို ပြောပါတယ်။

ဒါပေမဲ့လည်း ABSDF ဘက်ကတော့ ဒီခရီးစဉ် ကနေ အပြုသဘော ဆောင်တဲ့ တိုးတက်မှုတွေ ရလာ မယ်လို့ မျှော်လင့် နေပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။