BBC navigation

ဗြိတိသျှအစိုးရဝန်ကြီးရဲ့မြန်မာ့ခရီး

နောက်ဆုံး ရေးသားချိန် 18 ဒီဇင်ဘာလ 2012 - 22:38 GMT
5135_swire

ဝန်ကြီး Hugo Swire

ဗြိတိသျှ နိုင်ငံခြားရေးဌာန ဝန်ကြီး Hugo Swire ဟာ ဗြိတိသျှ ကုန်သွယ်ရေး ကော်မရှင် အဖွဲ့နဲ့ ဗြိတိသျှ စီးပွားရေး လုပ်ငန်းရှင် အုပ်စုကို ဦးဆောင်ပြီး မြန်မာနိုင်ငံ ကို ဒီဇင်ဘာ လဆန်း ပိုင်း က သွားရောက် ခဲ့ ပါတယ်။ မြန်မာနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံမှု ကိစ္စတွေ နဲ့ ပတ်သက်လို့ နှစ်နိုင်ငံ ကုန်သွယ်ရေးနဲ့အတူ အထူးသဖြင့် စွမ်းအင် ကဏ္ဍမှာ ရင်းနှီး မြှုပ်နှံ ရေး ကိစ္စတွေကို အထူး အလေးထား ဆွေးနွေး ခဲ့ တယ်လို့ ဘီဘီစီ မြန်မာဌာန ကို ပြောပါတယ်။

မြန်မာနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံမှုတွေ ကို တာဝန်သိတဲ့ ရင်းနှီး မြှုပ်နှံမှုတွေ လုပ်ရေးကို တိုက်တွန်း ပြောဆို ဖို့ နဲ့ မြန်မာပြည်သူတွေရဲ့ ဘဝ ပိုအဆင်ပြေ ချောမွေ့လာစေရေးအတွက် မြန်မာပြည်သူတွေနဲ့ အတူ ပူးပေါင်းပြီး စီးပွားရေး လုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့ မြန်မာနိုင်ငံကို သွားရောက်ခဲ့တာပါလို့ ရှင်းပြပါတယ်။

နိုင်ငံရေး အပိုင်းအရ တော့ အခု မြန်မာအစိုးရ ရှေ့ရှုသွားနေတဲ့ လမ်းကြောင်းအတိုင်း အရှိန်အဟုန် မြန်မြန် နဲ့ သွားနိုင်ဖို့ အားပေးတိုက်တွန်းခဲ့တဲ့ အကြောင်း၊ ဒါပေမယ့် လူ့အခွင့်အရေး ကိစ္စနဲ့ ပတ်သက်လို့လည်း သတိကြီးကြီး ထားပြီး စောင့်ကြည့်နေတယ် ဆိုတဲ့ အကြောင်းနဲ့ အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေး အကျဉ်းသားတွေ ရှိနေဆဲ ကိစ္စတွေ ကို မြန်မာအစိုးရ ထိပ်တန်း ခေါင်းဆောင်တွေနဲ့ ဆွေးနွေးပြောဆိုခဲ့တယ်လို့ ဘီဘီစီ ကို ပြောပါတယ်။

တခါ ရခိုင်ဒေသကို ရောက်စဉ်တုန်းကလည်း ရခိုင်ဒေသက အခြေအနေတွေကို ကမ္ဘာတဝှမ်းက စောင့်ကြည့်နေပါတယ် ဆိုတာကို ပြောပြခဲ့ပုံ၊ ရခိုင်အရေးကိစ္စကို ပြေလည်အောင် ဖြေရှင်းဖို့ လိုအပ်နေပြီး ဗြိတိန်နိုင်ငံ အနေနဲ့ရော၊ နိုင်ငံတကာကပါ ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးဖို့ အသင့် ရှိတယ်ဆိုတာ ပြောပြခဲ့တယ်လို့ ရှင်းပြ ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခဲ့ တုန်းကလည်း ဗြိတိန်နိုင်ငံက စီးပွားရေး လုပ်ငန်းရှင်တွေ အခုလို လာတာကို ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ အတော်လေး ဝမ်းသာ ကျေနပ်မိပုံ၊ နောက်ထပ်လည်း ရင်းနှီး မြှုပ်နှံမှုတွေ လာလုပ် ဖို့ ဆိုပြီး ဒေါ်အောင်ဆန်းစုကြည် က ပြောတာ ကို လည်း ရှင်းပြ ပါတယ်။ ဗြိတိသျှ အစိုးရ အနေနဲ့ တာဝန်သိတဲ့ ရင်းနှီးမြှုပ်နှံမှု တွေလုပ်ပြီး မြန်မာနိုင်ငံမှာ လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးရေး စနစ်တွေ ပြန်လည် တည်ဆောက်ရေး၊ မြန်မာပြည်သူတွေ လျှပ်စစ်ဓါတ်အား ပိုမို ရရေးတွေကို ကူညီ ဆောင်ရွက်ပေးသွားမှာပါ။ ဒီမိုကရေစီ အသွင် ကူးပြောင်းနေတဲ့ ကာလမျိုးမှာ မြန်မာနိုင်ငံမှာ စည်းမျဉ်းဥပဒေတွေ ပြင်ဆင် ရေးဆွဲဖို့ လိုတယ်ဆိုတာ အမှန်ပါ။ ဒီအတွက် အကူအညီပေးဖို့ကိုလည်း သွားခဲ့တာပါလို့ ဝန်ကြီး Hugo Swire က ဘီဘီစီ ကို ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။