BBC navigation

မြန်မာ့ရုပ်သံမှာဘီဘီစီရုပ်သံလိုင်းတင်ပြ

နောက်ဆုံး ရေးသားချိန် 18 ဒီဇင်ဘာလ 2012 - 01:34 GMT
bbc_drwho

ပြည်တွင်းတင်ဆက်မယ့် Dr WHO ရုပ်သံ

ဘီဘီစီ ရုပ်သံလိုင်းတချို့ နဲ့ ကမ္ဘာတလွှား ရေဒီယို အင်္ဂလိပ်ပိုင်း အစီအစဉ် တွေကို မြန်မာ့ ရုပ်သံ ဖန်သားပြင်မှာ လာမယ့်နှစ်ဆန်း ဇန္နဝါရီလ ၁ ရက်နေ့က စလို့ Forever Group ရုပ်သံကတဆင့် ထုတ်လွှင့် ပြသတော့မှာပါ။ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ Forever Group နဲ့ သဘောတူ စာချုပ် ချုပ်ခဲ့ကြတာပါ။

အဆိုပါ ဘီဘီစီ ရုပ်သံလိုင်းတချို့ ကတော့ BBC World Today, CBeebies, BBC Entertainment, BBC World Service အသံလွှင့် အစီအစဉ် တွေဖြစ်ပြီး လူငယ် လူရွယ်တွေ နှစ်သက်တဲ့ Dr WHO သိပ္ပံဆန်းကျယ် ဇာတ်လမ်းတွဲ လည်း အပါအဝင်ဖြစ်ပါတယ်။

ဘီဘီစီရဲ့ ဘက်မလိုက် တိကျတဲ့ အစီအစဉ်တွေကို မြန်မာနိုင်ငံမှာ ပြသခွင့် ရခြင်းဟာ မြန်မာပြည်တွင်းမှာ တိုးတက်မှုတွေကို ဖေါ်ပြတဲ့ လက္ခဏာ ဖြစ်ကြောင်း ဘီဘီစီ ကမ္ဘာတလွှား အသံလွှင့် အစီအစဉ် ညွှန်ကြားရေးမှူး Peter Horrocks က မြန်မာဌာန ကို ပြောပါတယ်။

လွန်ခဲ့တဲ့ နှစ်တွေက ဆိုရင် မြန်မာ့ ရုပ်သံ ဖန်သားပြင်မှာ ဘီဘီစီ ကမ္ဘာတလွှားက အသံလွှင့် အစီအစဉ်တွေကို ၂၄ နာရီ မပြတ် ကြည့်ခွင့်ရမယ်လို့ မတွေးမိခဲ့ ကြကြောင်း၊ ပြီးခဲ့တဲ့ စက်တင်ဘာလ က သူကိုယ်တိုင် မြန်မာနိုင်ငံ ရောက်ခဲ့တဲ့ အခါမှာ မြန်ဆန်တဲ့ အပြောင်းအလဲတွေ မျက်ဝါးထင်ထင် တွေ့ခဲ့ရပုံ၊ ဘီဘီစီ သတင်းဌာန အနေနဲ့ လည်း မြန်မာနိုင်ငံတွင်းမှာ ဖြစ်ပေါ်ပြောင်းလဲမှု၊ အကောင်းအဆိုး မှန်သမျှ ကို အနီးကပ် စောင့်ကြည့်ပြီး အရှိကို အရှိအတိုင်း တင်ပြပေးမယ့် အကြောင်းလည်း Peter Horrocks က ပြောပါတယ်။

အနာဂတ်မှာလည်း ဘီဘီစီ မြန်မာပိုင်း ရုပ်မြင်သံကြား အစီအစဉ် ကို မြန်မာနိုင်ငံမှာ ထုတ်လွင့်ပြသ နိုင်ဖို့ မျှော်လင့် ထားတဲ့ အကြောင်းပါ Peter Horrocks က ဘီဘီစီ မြန်မာဌာန ကို ပြောပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။