BBC navigation

လက်မှတ် မရှိသူတွေ မဖမ်းဘဲ ထိုင်းက ဆိုင်းထားမယ်

နောက်ဆုံး ရေးသားချိန် 20 ဒီဇင်ဘာလ 2012 - 00:53 GMT

ထိုင်းရောက်တုန်းက မြန်မာ အလုပ်သမားတွေကို စကားပြောခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်

ထိုင်းနိုင်ငံရောက် မြန်မာ၊ လောနဲ့ ကမ္ဘောဒီးယား နိုင်ငံသားတွေထဲက တရားဝင် လက်မှတ် မရှိတဲ့သူတွေ ကို ထိုင်းအာဏာပိုင်တွေက မဖမ်းဆီးသေးဘဲ ၃လလောက် ရပ်ဆိုင်းထားပေးဖို့ စဉ်းစား ဆောင်ရွက်နေတယ်လို့ ထိုင်းအလုပ်သမား ဝန်ကြီးဌာနက ထုတ်ဖေါ် ပြောကြားလိုက်ပါတယ်။

မြန်မာနိုင်ငံသား အများစုပါဝင်တဲ့ ထိုင်းနိုင်ငံက နိုင်ငံခြားသား အလုပ်သမားတွေထဲက အလုပ်လုပ်ခွင့် လက်မှတ်မရှိတဲ့သူ နိုင်ငံကူးလက်မှတ် မရှိတဲ့သူတွေဟာ လွန်ခဲ့တဲ့ ၁၄ ရက်နေ့က စပြီး ထိုင်းနိုင်ငံမှာ နေထိုင်ခွင့် အလုပ်လုပ်ခွင့်တွေ မရှိတော့ဘူး။

အဲဒီလိုထိုင်းနိုင်ငံမှာ လက်မှတ် မရှိတော့တဲ့သူတွေထဲမှာ မြန်မာနိုင်ငံသားက တစ်သန်းလောက်ရှိပြီး လောနဲ့ ကမ္ဘောဒီးယား နိုင်ငံသားတွေက သိန်းချီရှိမယ်လို့ ခန့်မှန်း ပြောဆိုမှုတွေ ရှိပါတယ်။

အဲဒီအလုပ်သမားတွေ ကို အဓမ္မဖမ်းဆီးပြီး နယ်စပ်ကို ပြန်ပို့မယ်ဆိုရင် အလုပ်သမားတွေလည်း အခက်အခဲရှိမယ် ဒါကြောင့် ထိုင်းနိုင်ငံ အတွင်းမှာ မြန်မာအစိုးရက နိုင်ငံကူးလက်မှတ် ထုတ်ပေးချင်တယ်လို့ မြန်မာအလုပ်သမားဝန်ကြီး ဌာနက တောင်းဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရက်က ထိုင်းဝန်ကြီးချုပ် ယင့်လတ်ခ် ချင်နဝပ် မြန်မာနိုင်ငံကို သွားတုန်းက သမ္မတဦးသိန်းစိန်က ဒီအလုပ်သမားအရေးကိုလည်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။

ဒီလိုသာဖမ်းပို့ရင် ထိုင်းစီးပွားရေးကိုလည်း အနှောက် အယှက်ဖြစ်နိုင် တယ်လို့ ထိုင်းကုန်သည်ကြီးများအသင်းက ပြောပြီး ဖမ်းဆီးမှုတွေကို ယာယီရပ်ဆိုင်းထားဖို့ ထိုင်းအစိုးရကို တောင်းဆိုခဲ့တယ်။

၃ လလောက် အချိန်ပေးပြီး အလုပ်သမား ပြဿနာ ဖြေရှင်းဖို့က ဘယ်ပုံစံနဲ့လုပ်မယ် ၊ ဥပဒေကြောင်းအရ လုပ်လို့ရမယ် မရဘူးဆိုတာတွေကို သက်ဆိုင်တဲ့ အစိုးရ ဝန်ကြီးဌာနတွေ သက်ဆိုင်သူတွေနဲ့ ဆွေးနွေးတိုင်ပင်ရဦးမယ် ၊ မကြာခင်မှာ အတိအကျ ပြောနိုင်လိမ့်မယ် ဒါ့အပြင် လက်မှတ်မဲ့သူတွေကို ဖမ်းဆီးမှု ၃ လလောက် ရပ်ဆိုင်း ပေးထားပေးဖို့ အလုပ်သမားဝန်ကြီး ဌာနက စဉ်းစား ဆောင်ရွက် နေတယ်လို့ ညွှန်ကြားရေးမှူးချုပ် ပရာ့ဝစ် ခီးယန်းဖွန်က ရှင်းပြခဲ့ပါတယ်။

ထိုင်းနိုင်ငံရောက် လက်မှတ်မဲ့ အလုပ်သမားအရေး ဘယ်လို့ဖြေရှင်းမလဲ ဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးဘူး။

ပြီးခဲ့တဲ့ ကာလတုန်းကတော့ မြန်မာအလုပ်သမား ၁၂ သိန်းကျော်ကို မြန်မာနိုင်ငံ နိုင်ငံကူးလက်မှတ်တွေ ထုတ်ပေးထားခဲ့ပြီဖြစ်ပါတယ်။

တခါ မြန်မာနိုင်ငံကနေ အခုမှာ ထိုင်းကို လာ အလုပ်မယ့်သူတွေကတော့ အမ်အိုယူ သဘောတူညီချက်အရ နိုင်ငံကူးလက်မှတ်နဲ့ လေယဉ်နဲ့ဖြစ်ဖြစ်၊ နယ်စပ်ကဖြစ်ဖြစ် လာရောက်အလုပ်လုပ်ခွင့်ရှိပါတယ်။

အဲဒီလို တရားဝင် လာတော ခိုးဝင်လာတာထက် အန္တရာယ်ကင်းပြီး ကုန်ကျစရိတ်လည်း သက်သာတတယ်လို့ အလုပ်သမားအရေး လုပ်ဆောင်နေသူတွေက ပြောကြပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။