BBC navigation

အမေရိကန်-မြန်မာ စစ်တပ်ချင်း ပူးပေါင်းဆောင်ရွက်

နောက်ဆုံး ရေးသားချိန် 20 ဒီဇင်ဘာလ 2012 - 16:17 GMT
Burmese Army

စစ်ရေးမဟုတ်တဲ့ သင်တန်းတွေကို မြန်မာစစ်တပ် အရာရှိတွေကို ပေးသွားမယ်လို့ အမေရိကန်စစ်တပ်က ပြောပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲမှုတွေကို ဆောင်ရွက်နေချိန်မှာ မြန်မာ-အမေရိကန် နှစ်နိုင်ငံ စစ်တပ်ချင်း ပူးပေါင်းဆောင်ရွက်မှုအနေနဲ့ စစ်ရေးဆိုင်ရာ သင်တန်းမဟုတ်တဲ့ လူသားချင်း စာနာ ထောက်ပံ့ရေးဆိုင်ရာ၊ စစ်ဘက်ဆိုင်ရာ ဆေးပညာနဲ့ ကာကွယ်ရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှု သင်တန်းတွေကို မြန်မာစစ်တပ်က အရာရှိတွေကို ပေးမယ်လို့ အမေရိကန် စစ်တပ်အရာရှိတဦးကို ကိုးကားပြီး သတင်းတွေ ထွက်လာပါတယ်။

ဒီလို နှစ်နိုင်ငံ စစ်တပ်ချင်း ပူးပေါင်းဆောင်ရွက်မှုတွေဟာ နှောင်ကြိုးမပါဘဲ လုပ်တာတွေ ဆိုရင် နိုင်ငံအတွက်ရော ဒေသတွင်း အတွက်ပါ ကောင်းပါတယ်လို့ မေမြို့ ဗိုလ်သင်တန်းဆင်း ဗိုလ်မှူးကြီးအငြိမ်းစားနဲ့ နိုင်ငံခြားရေး ဒုတိယဝန်ကြီးဟောင်း ဦးညွန့်ဆွေ (စာရေးဆရာ မောင်ဆွေသက်) က ဘီဘီစီကို ပြောပါတယ်။

အမေရိကန်နဲ့ အင်္ဂလန်ကို မြန်မာစစ်တပ်ကနေ အရင်ကထဲက သင်တန်းတွေ သွားတက်ဖူးပြီး၊ အခုလို စစ်တပ် အရာရှိတွေကို ပြုစု၊ ပျိုးထောင်၊ လေ့ကျင့်ဖို့ဟာ တပ်မတော်တိုင်းရဲ့ လိုအပ်ချက် ဖြစ်တယ်။ အရာရှိငယ်တွေ အတွက်လည်း ကိုယ့်ပြည်ထဲမှာချည်း နေတာမျိုး မဟုတ်ဘဲ အပြင်ထွက်ကြည့်ရင် အမြင်ပွင့်မယ်၊ သူတို့တွေရဲ့ တွေးခေါ်ပုံတွေကိုလည်း သိနိုင်မယ်၊ တပ်မတော်အတွက် ကောင်းတယ်။ နှစ်နိုင်ငံ ချစ်ကြည်ရေး သာမက ကမ္ဘာ့ ငြိမ်းချမ်းရေး အတွက်ပါ အထောက်အကူ ပြုမယ်လို့ ဦးညွန့်ဆွေက သုံးသပ်ပါတယ်။

မြန်မာစစ်တပ်က အရာရှိငယ် ထောင်နဲ့ချီဟာ ရုရှနိုင်ငံမှာ စစ်ပညာနဲ့ နည်းပညာတွေကို သင်ယူတာတွေ ရှိပါတယ်။ တရုတ်နိုင်ငံနဲ့လည်း ရင်းနှီးတဲ့ ဆက်ဆံရေး ရှိနေတာကြောင့် အခုလို အမေရိကန်နဲ့ မြန်မာ စစ်တပ်ကြား ပူးပေါင်း ဆောင်ရွက်မှုတွေ ရှိလာမှာကြောင့် အဲဒီ နှစ်နိုင်ငံရဲ့ ငြိုငြင်မှုကို မြန်မာအနေနဲ့ ရလိမ့်မယ်လို့လည်း မထင်ပါဘူးလို့ သူက ဆိုပါတယ်။

အမေရိကန်နဲ့ပေါင်းလို့ ရုရှနဲ့တရုတ်က မြန်မာကို ငြိုငြင်မယ်လို့ မထင်သလို အင်္ဂလန်၊ ဂျပန်အပါအဝင် ဘယ်နိုင်ငံကမှ ငြိုငြင်မယ်လို့ မထင်တဲ့ အကြောင်း၊ မြန်မာအနေနဲ့ ဒီလို ကမ္ဘာ့အလယ် ဝင်ဆန့်လို့ မိတ်ဆွေများလေ ဆိုခဲ့ပါ နိုင်ငံတွေကလည်း မုဒိတာ ပွားကြမှာပါလို့ ဗိုလ်မှူးကြီးအငြိမ်းစားနဲ့ နိုင်ငံခြားရေး ဒုတိယဝန်ကြီးဟောင်း ဦးညွန့်ဆွေ (စာရေးဆရာ မောင်ဆွေသက်) က ဘီဘီစီကို ပြောပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။