BBC navigation

၈၈ မျိုးဆက် နဲ့ မကဒတ ဆွေးနွေး

နောက်ဆုံး ရေးသားချိန် 22 ဒီဇင်ဘာလ 2012 - 00:45 GMT
_bbc_mya_aye_304x171

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမြအေး

မြန်မာနိုင်ငံ ကို ခေတ္တ ပြန်ရောက်နေတဲ့ ABSDF မကဒတ ကျောင်းသား အဖွဲ့နဲ့ လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီ DPNS က ကိုယ်စားလှယ်တွေဟာ ၈၈ မျိုးဆက် ကျောင်းသားတွေ နဲ့ တွေ့ဆုံ ဆွေးနွေးမှု ပြုကြပါတယ်။

အဓိက ဆွေးနွေးချက် နဲ့ ပတ်သက်လို့ ရှစ်လေးလုံး အရေးတော်ပုံ က အစပြုပြီး သမဂ္ဂလိုင်း၊ လက်နက်ကိုင် တော်လှန်ရေးလိုင်း၊ နိုင်ငံရေး ပါတီလိုင်း စသဖြင့် ပါဝင်လှုပ်ရှားခဲ့ရာ က အခု ပြန်ဆုံရာက ဆွေးနွေးကြတဲ့ အကြောင်း ၈၈ ခေါင်းဆောင် ကိုမြအေး က ဘီဘီစီ ကို ပြောပါတယ်။

အချက်လေးချက် ဆွေးနွေးရာမှာ နှစ် ၂ဝ ကျော် ကြာအောင် ကွဲကွာ နေကြတဲ့ ABSDF မကဒတ ကျောင်းသား အဖွဲ့နဲ့ လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီ DPNS က ပြည်ပ အတွေ့အကြုံ တွေ အားလုံးကို ဖလှယ်ရေး၊ နှစ်ဘက်ဆက်ဆံရေး ရင်းနှီးမှု နဲ့ အတူ နီးစပ်မှု ရှိရေး၊ ငြိမ်းချမ်းရေး နဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေး အတွက် လက်တွဲပြီး ဟန်ချက်ညီညီ ဆောင်ရွက်ရေး ရယ် ဒီမိုကရေစီ အင်အားစုတွေ နဲ့ တိုင်းရင်းသားတွေ ပါဝင်တဲ့ ညီလာခံ တရပ် ပေါက်ရေး ဆွေးနွေးကြောင်း ကိုမြအေး က ဘီဘီစီ ကို ရှင်းပြပါတယ်။

ဒီညီလာခံ မှ တဆင့် ဘုံနိုင်ငံရေး လမ်းစဉ် တရပ် ချမှတ်နိုင်လိမ့် မယ် လို့ မျှော်လင့် ကြောင်း၊ ဒီလိုရရှိရေး အတွက်လည်း ရန်ကုန်မှာ ဖြစ်စေ၊ ပြည်တွင်း တနေရာမှာ ဖြစ်စေ Forum တခု ပေါ်ပေါက်ရေး ကို တွေ့ဆုံ ဆွေးနွေးပွဲ ကတဆင့် သဘောတူညီချက် ရရေးကြိုးပမ်းမယ် လို့လည်း ဆိုပါတယ်။

နိုင်ငံရဲ့ အနာဂတ် နဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ ဒီမိုကရေစီ ထွန်းကားရေးမှာ ပြည်ပရောက် မြန်မာပြည်သား တွေ ရဲ့ အခန်းကဏ္ဍ အရေးကြီးတယ်လို့ လည်း သူ့အနေနဲ့ မြင်ပုံ ကို ကိုမြအေး က ဘီဘီစီ ကို ရှင်းပြပါသေးတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။