BBC navigation

မြန်မာ့ ခရီးသွားလုပ်ငန်း အခက်အခဲတွေ ကြုံနေ

နောက်ဆုံး ရေးသားချိန် 24 ဒီဇင်ဘာလ 2012 - 16:29 GMT
_bagan

ကမ္ဘာလှည့် ခရီးသွားတွေ အလာများတဲ့ ပုဂံ

မြန်မာနိုင်ငံမှာ မကြာခင် နှစ်ပိုင်းတွေ အတွင်းကစလို့ ခရီးသွား လုပ်ငန်းတွေ အရှိန်အဟုန်နဲ့ တိုးတက် လာတာကို တွေ့ရပါတယ်။

ဒီလို အခြေအနေမှာ တိုးတက်လာတဲ့ ကမ္ဘာလှည့် ခရီးသွားတွေအတွက် လုံလောက်တဲ့ အဆင့်မီ ဟိုတယ်တွေ၊ အခန်းတွေရော ရှိပါရဲ့လား။

လုံလောက်တဲ့ ဝန်ဆောင်မှုမျိုးတွေရော ပေးနိုင်ပါရဲ့လား။ မြန်မာ ပြည်တွင်းက ခရီးသွား လုပ်ငန်း လုပ်ကိုင် နေသူ တွေမှာရော လက်ရှိအချိန်မှာ ဘယ်လို အခက်အခဲ တွေနဲ့ ကြုံနေရပါသလဲ။

Silk Road to Asia Travels and Tours ခရီးသွား လုပ်ငန်းက အထွေထွေ မန်နေဂျာ မဝါဝါကို ဆက်သွယ် မေးကြည့်တော့ မြန်မာ နိုင်ငံမှာ နိုင်ငံရေး အခြေအနေတွေ တိုးတက် လာတာနဲ့ အမျှ ကမ္ဘာလှည့် ခရီးသွား ဧည့်သည် ဝင်ရောက်မှုတွေ တိုးလာတဲ့ အကြောင်း၊ အဲဒီမှာ ပြည်တွင်းမှာ ဟိုတယ်တွေ မလုံလောက်တာ၊ ဈေးနှုန်း ကြီးမြင့်တာတွေ နဲ့ ဧည့်လမ်းညွှန် မလုံလောက်တာတွေ ကြုံနေရတဲ့ အကြောင်း ပြောပါတယ်။

ရန်ကုန်မြို့မှာ ဆိုရင်လည်း ခရီးသွား ဧည့်သည်တွေ တကယ်နေနိုင်တဲ့ အခန်းက ၂၀၀၀ ဝန်းကျင်သာ ရှိတဲ့ အကြောင်း၊ မနှစ်က ခရီးသွား ၃ သိန်း ၈ သောင်း လောက်လာခဲ့ သလို အခုလည်း အဲဒီ လောက် ဝင်ရောက် ခဲ့ပြီး ဖြစ်တဲ့ အကြောင်း ပြောပါတယ်။

လောလောဆယ် မှာတော့ တည်းခိုဖို့ အတွက် အခန်း မလုံလောက်တဲ့ အခက်အခဲတွေ ကြုံနေ ရတဲ့ အကြောင်း ပြောပါတယ်။

ခရီးသွား လုပ်ငန်း လုပ်နေသူ တွေမှာလည်း အခက်အခဲ တွေကြုံနေရတယ်လို့ ဆိုပါတယ်။ ဧည့်သည် တွေက အခန်းမရလို့ ခရီးစဉ်ကို ဖျက်သိမ်းတာမျိုး၊ အားလုံး စီစဉ်ပြီးမှ လိုချင်တဲ့ အခန်းကို မရလို့ ပြောင်းသွား တာမျိုးတွေ၊ ဟိုတယ်ခတွေ ဈေးကြီးလို့ မြန်မာ နိုင်ငံက ဈေးကြီးတယ် ဆိုပြီး တခြား ခရီးသွား ဒေသတွေ - ဥပမာ ကမ္ဘောဒီးယား လို နိုင်ငံမျိုး တွေကိုပဲ သွားတော့မယ် ဆိုတာမျိုး တွေလည်း ကြုံနေ ရတယ်လို့ ပြောပါတယ်။

အဲဒီ အခက်အခဲ တွေကြောင့် ဆုံးရှုံး နစ်နာမှု တွေလည်း ကြုံနေ ရတယ်လို့ ပြောပါတယ်။

လက်ရှိ အချိန်မှာ ဟိုတယ် တွေက အခန်းခတွေကို တိုးယူနေပေမယ့် ဝန်ဆောင်မှုက နောက်က လိုက်မလာတဲ့အတွက် သဘောမတွေ့ တာမျိုး ပြောလာကြတာ တွေလည်း ရှိတဲ့ အကြောင်း၊ အဲဒါကြောင့် သူတို့ပေးထားတဲ့ ငွေတွေကို ပြန်ပြီး အမ်းရတာမျိုးတွေ ဒီနှစ်ထဲမှာ အများအပြား ကြုံလာရတဲ့ အကြောင်း ပြောပါတယ်။

လတ်တလော ကြုံနေရတဲ့ အခက်အခဲ တွေကို ဖြေရှင်း နိုင်ဖို့ ကတော့ ဟိုတယ်တွေ၊ ခရီးသွား လုပ်ငန်းတွေ အားလုံး ပူးပေါင်း ဆောင်ရွက်ဖို့ လိုမှာ ဖြစ်ကြောင်း၊ ဈေးနှုန်း တခုကို လက်ကိုင် ထားဖို့ လိုမှာ ဖြစ်ကြောင်း ပြောပါတယ်။

ဆက်လက်ပြီး လေကြောင်းလိုင်းတွေ၊ ဟိုတယ်တွေ နဲ့ စားသောက်ဆိုင်ကြီး တွေပါမကျန် ရင်းနှီးမြှုပ်နှံ လိုသူတွေကို ဖိတ်ခေါ်လို့ အားလုံး ပူးပေါင်း ဆောင်ရွက် မှသာ အခု ကြုံနေရတဲ့ အခက်အခဲ တွေကို ကျော်လွှား နိုင်မှာ ဖြစ်ပြီး လက်ရှိ ပုံစံ အတိုင်းသာ သွားနေလို့ ကတော့ မြန်မာ့ ခရီးသွား လုပ်ငန်း ပြန်လည် ကျဆင်း သွားနိုင်တဲ့ အကြောင်း တွေကို ပြောပြ သွားခဲ့ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။