BBC navigation

မြန်မာ အားကစား တရုတ်ကူညီ

နောက်ဆုံး ရေးသားချိန် 28 ဒီဇင်ဘာလ 2012 - 23:33 GMT

မြန်မာ့ ကိုယ်ကာယ အလှမယ် ပြိုင်ပွဲ

လာမယ့် ၂၀၁၃ ခုနှစ် ကျရင် မြန်မာနိုင်ငံမှာ ကျင်းပမယ့် ၂၇ ကြိမ်မြောက် အရှေ့တောင် အာရှ အားကစားပြိုင်ပွဲမှာ ၀င်ရောက် ယှဉ်ပြိုင်မယ့် အားကစားသမားတွေကို လေ့ကျင့် ပေးဖို့ အစိုးရ အချင်းချင်းကြား သဘောတူညီချက်အရ တရုတ်နိုင်ငံက အကူအညီတွေ ပေးနေပါတယ်။

မြန်မာ အားကစားသမား တွေကို လေ့ကျင့်ပေးဖို့ တရုတ် နည်းပြဆရာတွေ မြန်မာပြည်ကို ရောက်လာ ကြသလို၊ မြန်မာ အားကစားသမား ၁၇၀ ကျော်ကိုလည်း တရုတ်နိုင်ငံမှာ သုံးလကြာ သင်ကြား လေ့ကျင့်မှုတွေ ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း အားကစား၀န်ကြီးဌာန တာ၀န်ရှိသူတွေက ပြောပါတယ်။

၄၄ နှစ် ကာလအတွင်း ပထမဆုံးအကြိမ် မြန်မာနိုင်ငံမှာ ကျင်းပခွင့် ရမယ့် ၂၇ ကြိမ်မြောက် အရှေ့ တောင် အာရှ အားကစားပြိုင်ပွဲအတွက် ကြိုတင် ပြင်ဆင်လေ့ကျင့်ပေးဖို့ တရုတ်အားကစား နည်းပြ ၂၆ ဦးဟာ ဒီဇင်ဘာ ၂၆ ရက်နေ့က မြန်မာနိုင်ငံကို ရောက်လာခဲ့ ပါတယ်။

သူတို့ဟာ နိုင်ငံတကာ အားကစား ပြိုင်ပွဲတွေမှာ တရုတ်နိုင်ငံက အားသာတဲ့ ဝူရှူး၊ သေနတ်ပစ်၊ ပြေးခုန်ပစ်၊ ကနူးကယက်၊ အနောက်တိုင်း လှေလှော်၊ ရေကူး၊ ဒိုင်ဗင်၊ ဂျွမ်းဘား၊ ဘတ်စကက်ဘော၊ စက်ဘီး၊ အလေးမ၊ လက်ဝှေ့၊ ကာယ ကြံ့ခိုင်ရေး ဆိုင်ရာ ကျွမ်းကျင်သူတွေ ဖြစ်ကြ ပါတယ်။

၂၀၁၁ ခုနှစ်တုန်းက သမ္မတဦးသိန်းစိန် တရုတ်နိုင်ငံကို သွားရောက်ခဲ့စဉ်မှာ တရုတ် သမ္မတဟူကျင်းတောင်နဲ့ သဘောတူညီချက်တွေ အရ မြန်မာ့ အားကစားအတွက် တရုတ်နိုင်ငံရဲ့ အကူအညီတွေနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့ အားကစားနဲ့ ကာယပညာ သိပ္ပံ ကျောင်းအုပ်ကြီး ဦးကျော်ဆန်းဦးက ဘီဘီစီကို ပြောပြခဲ့ပါတယ်။

ဒီအကူအညီရဲ့ တစိတ်တပိုင်း အဖြစ် အရှေ့တောင် အာရှ အားကစားပြိုင်ပွဲမှာ အားကစားနည်း ၁၁မျိုးအတွက် ပြိုင်ပွဲ၀င်မယ့် မြန်မာ ကစားသမား ၁၇၆ ဦးကိုလည်း လာမယ့်နှစ် မေလလောက်မှာ တရုတ်နိုင်ငံကို စေလွှတ်ပြီး ပူးတွဲ လေ့ကျင့်မှုတွေ စီစဉ် ဆောင်ရွက်ပေးမှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

တရုတ်နိုင်ငံဟာ အရှေ့တောင် အာရှ အားကစားပြိုင်ပွဲ အတွက် ပြင်ဆင်ဖို့ မြန်မာနိုင်ငံကို အများဆုံး ကူညီပေးနေတာ ဖြစ်ပြီး တခြား အားကစား နည်းတွေမှာလည်း သက်ဆိုင်ရာ ကျွမ်းကျင်တဲ့ နိုင်ငံတွေနဲ့ ဆက်သွယ်ပြီး လေ့ကျင့်မှုတွေ လုပ်နိုင်ဖို့ ကြိုးစားနေကြောင်း ဦးကျော်ဆန်းဦးက ပြောပါတယ်။

၂၇ ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲကို ဒီဇင်ဘာလ ၁၁ ရက်နေ့ ကနေ ၂၂ ရက်နေ့အထိ မြန်မာနိုင်ငံမှာ လက်ခံ ကျင်းပမှာဖြစ်ပြီး အဲဒီပွဲမှာ အားကစားနည်း ၃၂ နည်းအထိ ထည့်သွင်းနိုင်ဖို့ အားကစား၀န်ကြီး ဌာနက စီစဉ် နေပါတယ်။

ဒီပြိုင်ပွဲမှာ အရှေ့တောင် အာရှဒေသ ၁၁ နိုင်ငံက၊ ကစားသမားတွေ ပါ၀င်ကြမှာ ဖြစ်ပြီး မြန်မာ အားကစားမား ၈၀၀ ကျော်လောက် ၀င်ရောက် ယှဉ်ပြိုင်ဖို့ အတွက် ခန့်မှန်းထားတယ်လို့ အားကစား ၀န်ကြီးဌာနက ဆိုပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။