BBC navigation

ဒေါ်အောင်ဆန်းစုကြည်ဆွယ်တာ လေလံတင်

နောက်ဆုံး ရေးသားချိန် 29 ဒီဇင်ဘာလ 2012 - 16:35 GMT
_bbc_304_304x171

ဒေါ်အောင်ဆန်းစုကြည် ဆွယ်တာလေလံတင်

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပညာရေး ကွန်ယက် ၂နှစ် ပြည့် အထိမ်းအမှတ် ရန်ပုံငွေ စျေးရောင်းပွဲ မှာ လွန်ခဲ့တဲ့ နှစ် ၂ဝ က ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ထိုးတဲ့ ဆွယ်တာ ကို လေလံတင် ရောင်းတဲ့ အခါမှာ ရွှေ FM ရေဒီယို ဥက္ကဌ ဒေါ်နန်းမောက် လောဆိုင်း က ကျပ်ငွေ ၄၁၅ သိန်းနဲ့ အမြင့်ဆုံး စျေးပေး ပြီး ဝယ်သွားပါတယ်။

အခုလို စျေးအမြင့်ဆုံးပေး လေလံ စွဲသွား ရခြင်း အကြောင်းရင်း သိ ရအောင်၊ ရွှေ FM ရေဒီယို ရဲ့ မိခင် ကုမ္ပဏီ SKY NET TV မှ ဆက်သွယ်ရေး အရာရှိချုပ် ကိုမင်းစုမွန် ကို မေးရာမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပညာရေးကွန်ယက် ရန်ပုံငွေ ကို အထောက်ပြု ထည့်ပေးလို တဲ့ ဆန္ဒ က အကြီးဆုံး နဲ့ တခုတည်းသော ရည်ရွယ်ချက် လို့ ဘီဘီစီ ကိုပြောပါတယ်။

ကမ္ဘာကျော် လေလံတိုက်တွေ ဖြစ်တဲ့ Christies, Sotheby's အစရှိတဲ့ လေလံပွဲတွေ မှာ ကမ္ဘာကျော် ခေါင်းဆောင်တွေ၊ တော်ဝင်မိသားစုတွေ၊ ရုပ်ရှင်ဇာတ်ဆောင်တွေ ရဲ့ ဝတ်စုံ တွေကိုလည်း လေလံတင်တဲ့ အခါမှာ ချမ်းသာသူတွေဟာ အမှတ်တရ သိမ်းဆည်းလိုသူတွေ၊ ပြတိုက်မှာ လှူချင်သူတွေနဲ့ ရင်းနှီးမြုပ်နှံ လိုသူတွေ ရှိလို့ နောင် ကို ဒီသဘောမျိုး ဆောင်နိုင် မဆောင်နိုင် မေးရာမှာ ရေရှည် အကျိုးစီးပွား မဟုတ်သလို၊ ရင်းနှီးမြှုပ်နှံမှု လည်း မဟုတ်တဲ့ အကြောင်း၊ တကမ္ဘာလုံး က လေးစားရတဲ့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ထိုးတဲ့ ဆွယ်တာ handmade ဖြစ်တဲ့ အတွက် ပီတိဂုဏ်ယူ စရာ ရလိုက်တယ်လို့ သဘောထားပုံ ကို ဘီဘီစီ ကို ရှင်းပြပါတယ်။

ရွှေ FM ရေဒီယိုဟာ သောတရှင်တွေ ပရိသတ်တွေ ကြားမှာ ကြော်ငြာ သဘောမျိုးအနေနဲ့ လည်း ဆွဲဆောင်တဲ့ အသွင်လည်း မဆောင်ပုံ၊ အခုလည်း ဆွယ်တာ အနွေးထည် ကို ရန်ပုံငွေ စျေးရောင်းပွဲ ပြီးပြီးချင်း ယူခဲ့ပြီး ရွှေ FM ရေဒီယိုရုံးခန်း မှာ ပြသထားပြီး ဖြစ်ကြောင်းလည်း ရွှေ FM ရေဒီယို ရဲ့ မိခင် ကုမ္ပဏီ SKY NET TV မှ ဆက်သွယ်ရေး အရာရှိချုပ် ကိုမင်းစုမွန် က ဘီဘီစီ ကို ပြောပြပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။