BBC navigation

ရန်ကုန် နှစ်သစ်ကူးပွဲ ပြင်ဆင်

နောက်ဆုံး ရေးသားချိန် 31 ဒီဇင်ဘာလ 2012 - 12:03 GMT
yangon

မိုင်ဒါကွင်းမှာ ကျင်းပမယ်

မြန်မာနိုင်ငံ ရန်ကုန်မြို့မှာ နိုင်ငံရေး ချုပ်ကိုင်မှုတွေ လျှော့ပေါ့ပေးတဲ့ နောက်ဆုံး ပြယုဂ် အဖြစ် လူအများအပြား နှစ်သစ်ကူး မီးပန်းတွေ ပစ်လွှတ်ဖို့ ပြင်ဆင် နေပါတယ်။

စစ်အစိုးရ လက်ထက်မှာ လူစုလူဝေးနဲ့ စုရုံးမှုတွေကို တားမြစ် ထားခဲ့ပြီး ကနေ့ည ကျင်းပမယ့် နှစ်သစ်ကူး ပွဲမှာတော့ လူသောင်းချီ စုဝေးကြမယ်လို့ ယူဆရပါတယ်။

ရန်ကုန်မြို့ရဲ့ အမှတ်အသား ဗုဒ္ဓဘာသာဝင်တို့ အထွတ်အမြတ် ပူဇော်ရာ ရွှေတိဂုံ စေတီတော် အနောက်ဘက်က မိုင်ဒါကွင်းမှာ ကျင်းပမှာ ဖြစ်ပါတယ်။

အရင်က နှစ်သစ်ကူးချိန်မှာ မျှော်စင်ကျွန်း ဖျော်ဖြေပွဲတွေလို အခကြေး ယူပြီး ကြည့်ရတဲ့ ပွဲတွေသာ ရှိခဲ့ပြီး ခုလို ကြည့်ချင်ပွဲ အဖြစ် အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့် ပါနိုင်တဲ့ပွဲက ခုနှစ် ပထမဆုံး ဖြစ်ပါတယ်။

MRTV 4 က စီစဉ် ကျင်းပပြီး ခမ်းခမ်းနားနား ကျင်းပ ခဲ့တာပါ။

မြန်မာ အစိုးရရဲ့ ပွင့်လင်း ပြောင်းလဲမှု၊ နိုင်ငံတကာ နဲ့ အမီလိုက်ချင်တာကို ပြဖို့ ကြိုးစားတာလို့ ရှုမြင်ကြပါတယ်။

အိန္ဒိယ နိုင်ငံမှာတော့ ဒေလီမြို့က၂၃ နှစ် အရွယ် ကျောင်းသူလေး သေဆုံးရမှု အတွက် လေးစားမှု ပြတဲ့ အနေနဲ့ နှစ်သစ်ကူး ပျော်ပွဲရွှင်ပွဲတွေ မလုပ်ဖို့ အိန္ဒိယ တပ်မတော်က အရာထမ်း စစ်သည်တွေကို အမိန့်ထုတ်ထားပါတယ်။

အာဏာရ ကွန်ဂရက် ပါတီ ဥက္ကဋ္ဌ ဆိုနီယာ ဂန္ဓီကလဲ သူ့ပါတီဝင်တွေ နှစ်သစ်ကူးပွဲ လုပ်မှာမဟုတ်ဘူးလို့ ဆိုပါတယ်။

အမျိုးသမီးငယ်ရဲ့ ရုပ်ကလာပ်ကို တနင်္ဂနွေနေ့က သင်္ဂြိုဟ် ပြီးစီးခဲ့ပေမယ့် ပြည်နယ် အစိုးရ အတော်များများနဲ့ ဟိုတယ်တွေ ကလပ်တွေ၊ စီးပွားရေး အလုပ်တိုက်တွေက နှစ်သစ်ကူးပွဲတွေ ဖျက်သိမ်းတာ အကျဉ်းချုံး ကျင်းပတာတွေ လုပ်ကြပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။