BBC navigation

နှစ်သစ်မှာ ကချင်တိုက်ပွဲတွေ ရပ်မလား

နောက်ဆုံး ရေးသားချိန် 31 ဒီဇင်ဘာလ 2012 - 17:19 GMT
kachin_kia

ကချင်ပြည်နယ်မှာ တိုက်ပွဲတွေ ဖြစ်ပွားနေဆဲ

၂၀၁၂ နှစ်ဟောင်းကုန်လို့ ၂၀၁၃ နှစ်သစ်ကို ကူးပြောင်းတော့မယ့် အချိန်မှာ ကချင်ပြည်နယ် ဘက်မှာတော့ အခြေအနေတွေ ပြောင်းမလာ သေးဘဲ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွား နေဆဲ ဖြစ်ပါတယ်။

သမ္မတရဲ့ နိုင်ငံရေး အကြံပေး ဒေါက်တာ နေဇင်လတ် ကတော့ တခြား လက်နက်ကိုင် အဖွဲ့တွေနဲ့လည်း ငြိမ်းချမ်းရေး လက်မှတ် မထိုးခင် တုန်းကဒီလို သဘောမျိုးတွေ တွေ့ခဲ့ရတဲ့ အကြောင်း၊ ခြုံကြည့်ရင် ဒါဟာ ယာယီ အခိုက်အတန့် သဘောပဲ ဖြစ်ပြီး လက်နက်ကိုင် တွေရဲ့ သဘောတရား အရ အနည်းအကျဉ်း တိုက်ကြ ခိုက်ကြတာသာ ဖြစ်ကြောင်း နဲ့ ကချင် နဲ့လည်း ၂၀၁၃ မှာ တစုံတရာ တိုးတက်မှု ကောင်းကောင်း ရသွား နိုင်မယ်လို့ ယုံကြည်တဲ့ အကြောင်းကို ပြောကြား သွားခဲ့ပါတယ်။

တိုက်ပွဲမှာ လေကြောင်းကနေ အပြင်းအထန် တိုက်နေတာနဲ့ ပတ်သက်လို့တော့ တိုက်ပွဲအရှိန် တကယ် တက်မတက် ဘယ်သူမှ မသိကြောင်းနဲ့ တခါတလေမှာ နည်းနည်းပါးပါး ထိတွေ့မှုတွေ ဖြစ်ကြတာကို တိုက်ပွဲကြီးလို ပြောတတ် ကြကြောင်း၊ တစိတ်ကို တအိပ် လုပ်ပြောတာတွေ အများကြီး ရှိတတ်ကြောင်း ပြောပါတယ်။

သမ္မတ ဦးသိန်းစိန်က ငြိမ်းချမ်းရေးကို လိုချင်တဲ့အကြောင်း၊ အဲဒါကြောင့်လည်း လက်နက်ကိုင် အဖွဲ့ ၁၁ ဖွဲ့မှာ ၁၀ ဖွဲ့က အခြေခံ သဘောတူညီချက် တွေကို လက်မှတ်ထိုး ထားကြောင်း ပြောပါတယ်။ သမ္မတက မတိုက်ဖို့ ပြောထားပြီး တိုက်ပွဲတွေ ဆက်ဖြစ်နေတာ ကတော့ တခါတလေ ကိုယ့်ကို ရိုက်လာရင် ပြန်ကာ ရတဲ့ သဘောမျိုးဖြစ်ပြီး အဲဒီ အပေါ်မှာ ပြန့်ကား ကုန်တာပဲ ဖြစ်တယ်လို့ ဆိုပါတယ်။

တခါ ကချင်ပြည်နယ် အတွင်း အခုလို အစိုးရ စစ်တပ် ဘက်က ထိုးစစ်ဆင် နေတာကို ကချင် တိုင်းရင်းသား အဖွဲ့အစည်း ၁၁ ဖွဲ့ကလည်း ဆန့်ကျင် ကန့်ကွက်တဲ့ သဘောထား ထုတ်ပြန် လိုက်ပါတယ်။

ဒီဇင်ဘာ ၂၃ ကစလို့ တိုက်စစ်ဆင် နေတာမှာ လေကြောင်း ကနေ တိုက်လေယာဉ် တွေ၊ ရဟတ်ယာဉ် တွေနဲ့ပါ တိုက်ခိုက် နေတာ ဖြစ်ပြီး ဒီလေကြောင်း တိုက်ခိုက်မှု တွေ လုပ်နေတဲ့ နေရာ အနီးက ဒုက္ခသည် စခန်း တွေက ဒုက္ခသည် တွေမှာ ဆောက်တည်ရာ မရ ဖြစ်နေလို့ အခုလို ထုတ်ပြန် တာလို့ ဆိုပါတယ်။

အစိုးရဘက်က တိုက်ပွဲတွေက ပြင်းထန်သလား ဆိုတာ ပြောရတာ မလွယ်တဲ့ အကြောင်းနဲ့ တချို့နေရာတွေမှာ နည်းနည်း ထိတွေ့မှု တွေရှိတာကို တစိတ် တအိပ် လုပ်ပြောတာတွေ ရှိတယ်လို့ ဆိုထားတာကို ကချင် တိုင်းရင်းသား များ ငြိမ်းချမ်းရေး ကွန်ယက်က မမေစပယ်ဖြူ က ဆင်သေကို ဆိတ်သားရေနဲ့ ဖုံးလို့ မရကြောင်း နဲ့ လေကြောင်းက တိုက်ခိုက်နေတာ တွေကို ရိုက်ကူးထားတဲ့ ဗီဒီယို တွေကို အင်တာနက် ပေါ်မှာ တင်ထား တာတွေ ရှိတဲ့ အကြောင်း ပြောပါတယ်။

ဆက်လက်ပြီး အဲဒီ ဒေသတွေကို ရောက်ခဲ့တဲ့ ဗမာ အပါအဝင် တခြား ကချင် မဟုတ်တဲ့ တိုင်းရင်းသား တွေကလည်း ဒီကိစ္စတွေနဲ့ ပတ်သက်လို့ သက်သေ လုပ်ပေး နိုင်ကြတယ်လို့ ဆိုပါတယ်။ ဆက်လက်ပြီး ဒုက္ခသည် စခန်း တွေမှာ ရှိနေသူတွေက သူတို့ကို ဆက်သွယ် လာတဲ့ အခါမှာ ဖုန်းထဲမှာ နောက်က သေနတ်ပစ် နေသံတွေ ကြားနေရတာရှိကြောင်းနဲ့ ချဲ့ကားပြီး ပြောတယ် ဆိုတာကို ကန့်ကွက်ကြောင်း ပြောပါတယ်။

ငြိမ်းချမ်းရေး အတွက်တော့ အပစ်အခတ် အရင် ရပ်ကြဖို့ လိုကြောင်း၊ အဲဒီကို ပို့ထားတဲ့ တပ်တွေကို နေရာ ပြောင်းပြီး အပစ်ရပ်ကြ ရမှာ ဖြစ်တဲ့ အကြောင်း ပြောပါတယ်။ ငြိမ်းချမ်းရေး အတွက် ဆွေးနွေးပွဲ လုပ်ဖို့ ကမ်းလှမ်းတဲ့ စာနဲ့ အတူ ပါလာတာက တိုက်ပွဲတွေနဲ့ ထိုးစစ်တွေပဲ ဖြစ်နေတာကို သူတို့က အဲဒီကို အမြဲ သွားနေကျမို့ မြင်တွေ့ နေရတဲ့ အကြောင်း ပြောကြား သွားခဲ့ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။